ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း AAက ယနေ့ ထုတ်ပြန်သည်။
ဖေဖော်ဝါရီလကုန်ပိုင်း၌ ပုဏ္ဏားကျွန်းမြို့တိုက်ပွဲ AAက အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာ မြို့မရဲစခန်းကို သိမ်းထားနိုင်ခဲ့ပြီး ပုဏ္ဏားကျွန်းအခြေစိုက် ခမရ(၅၅၀) တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် ခမရ (၅၅၀) အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်မြှင့်လျက်ရှိရာ ရန်သူ့ဘက်မှလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် ၎င်းစခန်းမကျရှုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်လျက်ရှိကြောင်း AAက ယနေ့ (မတ်လ ၃ရက်)တွင် ထုတ်ပြန်ည်။
မောင်တောမြို့နယ်မြောက်ပိုင်းရှိ ရန်အောင်ပြင်စခန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိဟု အသိပေးသည်။
ယခုအချိန်အထိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းစခန်းများ၊ နယ်ခြားစောင့် တပ်စခန်းများအပြင် လက်နက်ကြီးစခန်းများကိုပါ ရက္ခိုင့်တပ်တော်မှ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်စခန်းများ ရရှိရေး ယခင်ရက်များ နည်းတူ ဆက်လက် တိုက်ခိုက်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိဟု အသိပေးသည်။
AA အနေဖြင့် ရက္ခိုင်ပြည်သူ တစ်ရပ်လုံး လွတ်မြောက်ရေးနှင့် မြန်မာနိုင်ငံ တဝန်းလုံးရှိ ပြည်သူများအားလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိရာ ရက္ခိုင်နှင့်ချင်းပြည်နယ် ပလ၀မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်ကြောင်း၊ တစ်ပြိုင်တည်း၌ AA ထိန်းချုပ်မှု အောက်ရှိ မြို့၊ ရွာများ၌ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ အနေဖြင့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားအောက်မှ လွတ်မြောက်မှု အရသာကို အလုံးစုံ မဟုတ်သည့်တိုင် အတိုင်းအတာ တစ်ခုအထိ ခံစားခွင့်ရရှိနေပြီဖြစ်ကြောင်း AAက မတ်လ ၂ရက်တွင် ထုတ်ပြန်ထားသည်။
AA၏ ရက္ခိုင်ဒေသနှင့် ချင်းပြည်နယ် ပလက်၀ ထိုးစစ် သုံးလကျော်အတွင်း ပလက်၀၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံမြို့များကို သိမ်းပိုက်ထားပြီးဖြစ်ကာ စစ်ကောင်စီတပ်စခန်း ၊ တပ်ရင်း၊တပ်မ ဌာနချုပ်များစွာ သိမ်းပိုက်ထိန်းချုပ်ထားသည်။