ရက္ခိုင်ဒေသ တကျော့ပြန်စစ်ပွဲအတွင်း စစ်ကောင်စီတပ်၏ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူရာချီ သေဆုံးဒဏ်ရာရကာ ရက္ခိုင်ဒေသခံသုံးသိန်းကျော် စစ်ဘေးဒုက္ခကြုံနေရသည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့ သတင်းစာရှင်းလင်းပွဲ၌ အသိပေးသည်။
AAက ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် ရက္ခိုင်ဒေသနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်ကို ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး၊ ရေတပ်နှင့် မြေပြင်တို့မှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
တကျော့ပြန်စစ်ပွဲစတင်ချိန်မှ ၂၀၂၄ ဖေဖော်ဝါရီ ၁၃ရက်အထိ သုံးလတာတိုက်ပွဲအတွင်း စစ် ကောင်စီက အပြစ်မဲ့ပြည်သူ ၁၁၁ဦးအား သတ်ဖြတ်ခဲ့ပြီး ၃၅၇ဦးဒဏ်ရာရခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
ဖမ်းဆီးခံရသည့် အရပ်သား ပြည်သူ ၂၉၂ဦးရှိနေပြီး ထပ်မံသေဆုံး ဒဏ်ရာရဖမ်းဆီးခံရမှု များစွာရှိလာနိုင်သည်ဟု သတိပေးသည်။
ရက္ခိုင်ပြည်တွင်း တိုက်ပွဲများလာသည်နှင့်အမျှ စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုရန်မှရှောင်ရှားနိုင်ရန် နီးစပ်ရာသို့ တိမ်းရှောင်ကြရန် ဒေသခံ ပြည်သူ စစ်ရှောင် သုံးသိန်းကျော်ရှိလာပြီး ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားမြို့နယ်တို့၌ အများဆုံးဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
ဒုက္ခသည်အများစုသည် ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊ ဆွေမျိုးအိမ်များ၌ ယာယီခိုလှုံနေရပြီး စစ်ကောင်စီက လူသားချင်း စာနာကူညီမှုများပိတ်ပင်ထား၍ ဒုက္ခသည် ၈၀ ရာခိုင်နှုန်းမှာလုံလောက်သည့် ထောက်ပံ့ကူညီမှု မရဟု ပြောသည်။
လက်ရှိတွင် စစ်ရှောင်များအနေဖြင့် အစားအသောက်နှင့် အဟာရပစ္စည်းများ၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ ယာယီခိုလှုံရေးအဆောက်အအုံ ၊ အိမ်ပြန်ဆောက်ရန် ပစ္စည်းများ၊ အသက်မွေးဝမ်းကြောင်း အကူအညီအထောက်အပံ့၊ ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် မိုင်းရှင်းလင်းရေးကိရိယာများ လိုအပ်နေသည်ဟု အသိပေးသည်။
ရက္ခိုင်ပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ဆောင်ချက်များကို အာရုံစိုက်ထိရောက်အောင် နိုင်ငံတကာက ကူညီပံ့ပိုးပေးရန်လည်း AAက တောင်းဆိုခဲ့သည်။