စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်တော့မည်ဟု ကြေညာကာ မွန်ပြည်သစ်ပါတီ(MNSP)မှ ခွဲထွက်ခဲ့သည့် NMSP(စအာဏာရှင်တိုက်ဖျက် ရေး-AD) အဖွဲ့က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်သုံးဦးကို ဖမ်းဆီးကာ လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က အတည်ပြုသည်။
ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အချို့ကို NMSP-ADက ဖမ်းဆီးမှုလုပ်ဆောင်ခဲ့မှု နှင့်ပတ်သက်ပြီး မေးမြန်းရာ ၎င်းက ရှင်းပြခြင်းဖြစ်သည်။
“၂ရက်နေ့က ကျနော်တို့ တပ်ဖွဲ့က ကော်ပီထော်နဲ့ကမာဝက်ပေါ့နော် ဒီပြည်သူ့စစ်တွေကိုဝင်ပြီးတော့ သူတို့ လက်နက်တွေကိုဝင်သိမ်းလိုက်တယ်။ သိမ်းပြီးတော့ ခေါင်းဆောင်ကို ကျနော်တို့ ထိန်းထားပါတယ်။ အဓိက ရည်ရွယ်ချက်ကကျနော်တို့က စကစ ဒေါက်တိုင်တွေကို စတင်ဖြိုခွဲနေပြီ။ ဒီအနေအထားမှာ သူတို့သည် စကစ ထောက်တိုင်ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ လက်နက်တွေ ဝင်သိမ်းလိုက်တာဖြစ်တယ်”ဟု နိုင်ဗညားမွန်က ပြောသည်။
ပြည်သူ့စစ် သုံးဦးဖမ်းဆီးထားပြီး လက်နက်များလည်း ရရှိသည်ဟု နိုင်ဗညားမွန်က အတည်ပြုသည်။
“လက်နက်တော့ ၁၅လက်လောက် သိမ်းဆည်းရပါတယ်။ကျနော်တို့က AD အနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ထုတ်ပြန်ချက်ထုတ်ထားပြီးဖြစ်တယ်။ ဒီအပေါ်မှာကျတော့ စကစ ထောက်တိုင်တွေ စတင်ပြီး ဖြိုခွဲနေပြီဖြစ်တယ်။နံပတ်တစ်အချက်ကစကစ ထောက်တိုင် ပြည်သူ့စစ်အပါအဝင် နောက်ပြီးတော့ အချို့ အုပ်ချုပ်ရေးမှူးတွေ အားလုံး သူတို့ကိုင်ဆောင်ထားတဲ့လက်နက်တွေကို လာရောက်ပြီး အပ်နှံပေးဖို့ ဖြစ်တယ်။ နံပတ်နှစ်အနေနဲ့ စကစနဲ့ပတ်သက်နေတဲ့သူတွေ အားလုံး စကစနဲ့ ခပ်ကွာကွာ ခပ်ကင်းကင်း နေပေးဖို့သတင်းပါးချင်တယ်”ဟု နိုင်ဗညားမွန်က ပြောသည်။
စစ်ကောင်စီဘက်ကလည်း NMSP-AD အဖွဲ့ဝင်အချို့၏ မိသားစုဝင်များကို ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ မိသားစုဝင်များကို ရန်ရှာနေသည့်လုပ်ရပ်မျိုး လုပ်ဆောင်နေပြီး ယင်းလုပ်ရပ်သည် မတရားသည့် လုပ်ရပ်ဟုမှတ်ယူကြောင်း နိုင်ဗညားမွန်က ပြောသည်။
မွန်သတင်းဌာန ရာမညအသံ၏ ဖော်ပြချက်တွင် စစ်ကောင်စီတပ် ဖမ်းဆီးသွားသူများမှာ NMSP-AD၏ နိုင်ငံရေး စစ်ရေးဦးဆောင်အဖွဲ့ဝင် နိုင်ကြည်စန်း၏ ညီမ ဖြစ်သူ အပါအဝင် ဒေသခံအမျိုးသမီးသုံးဦးတို့ ဖြစ်သည်ဟု ဆိုသည်။ အဘစ်အမြောက်တပ်ရင်း(အမတ-၃၁၈) က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
NMSP -ADက ဖမ်းဆီးထားသူများမှာ မုဒုံမြို့နယ် ကော့ပီထော်ကျေးရွာ ပြည်သူ့သစ်ခေါင်းဆောင် နိုင်အဒမ်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။