စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်တောရိုးကျေးရွာတွင် စစ်ကောင်စီတပ် ကင်းပုန်းနှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၅ ရက်က အင်တောရိုးကျေးရွာတွင်းသို့ ရှင်းလင်းရေး၀င်ရောက်စဥ် ကင်းပုန်း၀ပ်နေသော စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အသက်(၁၉)နှစ်အရွယ် တပ်ထောက်တာဝန်ခံ ကျော်မင်းထွန်း(ခ)ငကျော်နှင့် အသက်(၂၇)နှစ်အရွယ် ဆေးတပ်တာဝန်ခံ ဖြိုးဇော်ဟိန်း(ခ)ဓာတ်ဆားတို့ ကျဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၂၅) PDF တပ်ရင်းက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုခရိုင် အမှတ်(၂၅) PDF တပ်ရင်းထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ထို့အပြင် တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် ပြည်သူ ၉ဦးနှင့် ရပ်ကျေးတာဝန်ခံ နှစ်ဦး၏ ရုပ်အလောင်းများအား ဒေသခံများက တွေ့ရှိထားသည်။
“ခွေးဘီလူးနှင့်ပျူတွေ ပေါင်းထားတဲ့ စစ်ကြောင်းကသတ်ထားတဲ့ အရပ်သား အလောင်း ၁၁ လောင်းတွေ့ပါပြီ။၉ လောင်းကို တုံးတစ်ပိုင်းဖြတ်ထားတာ တွေ့ရပါတယ်။”ဟု Taze Newsက အသိပေးသည်။
ဖေဖော်ဝါရီတတိယပတ်မှစတင်ကာ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းသို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပြည်သူများအား စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ပြည်သူများအား သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းတွင် ခမရ(၇၀၈)၊ အမှတ်(၁၁)တပ်နှင့် ပျူစောထီးပူးပေါင်းအင်အား ၂၀၀ ကျော်ပါဝင်ကြောင်း သိရသည်။
ဖေဖော်ဝါရီ၂၉ ရက်က တန့်ဆည်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ကိုးဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။
ကံထူးမရဲစခန်းအပါအဝင် တန့်ဆည်မြို့နယ် အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများကို ဖေဖော်ဝါရီ ၂၁ရက်မှ ၂၄ရက်ထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော် သေဆုံးပြီး ကံထူးမရွာရဲစခန်းအား သိမ်းပိုက်မီးရှို့ ခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်းရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ဖေဖော်ဝါရီ ၂၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကြောင်းသည် ကျေးရွာ ခြောက်ရွာထက်မနည်း မီးရှို့ဖျက်ဆီးထားသည်။ ယခုလက်ရှိ ထိုစစ်ကြောင်းသည် ခပေါင်းကြိုင်ရွာ၌ ဝင်ရောက်တပ်စွဲထားပြီး တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာပေါင်း(၁၀)ရွာကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။