စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပိတ်မိနေသည့်ခရီးသွားများအပါအဝင် စစ်ဘေးရှောင်ပြည်သူ လေးသောင်းကျော် အတွက် အကူအညီများ လိုအပ်နေသည်။
” စစ်ဘေးရှောင်လူဦးရေက အကြောင်းအမျိုးမျိုးနဲ့ပိုများလာနေပါတယ်။ NUG အစိုးရကနေ ကူညီထောက်ပံ့မှုတွေလုပ်နေတာ ရှိပါတယ်။ ဒါပေမယ့် လိုတာတွေရှိနေပါတယ်။ တိုက်ပွဲကလည်း ဆက်ဖြစ်မယ့်အနေအထားရှိပါတယ်”ဟု ကောလင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ကောလင်းမြို့နယ် ခံသာကျေးရွာတွင် မတ်လ ၂ရက်မှစ၍ တိုက်ပွဲဖြစ်နေပြီး အဆိုပါရွာမှ စစ်ဘေးရှောင်ပြည်သူ ၈,၆၀ဝ ကျော်၊ ကောလင်းမြို့ပေါ်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ၁၇,၆၀၀ ခန့်နှင့် တိုက်ပွဲကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းမှာပိတ်ထားစဉ် လမ်းခရီး၌ ပိတ်မိနေသူ ခရီးသွားပြည်သူ ၁၅,၀၀၀ခန့်ရှိနေသည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူ လေးသောင်းကျော်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)၊ ကောလင်းမြို့နယ်တာဝန်ရှိသူများနှင့် ဒေသခံများက ကူညီပေးနေသော်လည်း အကူအညီများလိုအပ်နေဆဲဟု စုံစမ်းသိရှိရသည်။
လက်ရှိတွင် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းရှိ ကောလင်းမြို့နယ်၊ ခံသာကျေးရွာ၌ စစ်ရေးတင်းမာနေသည်။
ကောလင်းမြို့နယ် အမှတ်(၁)တပ်ရင်းနယ်မြေ သစ်ဖုလ ဘုရားကုန်း၏ အရှေ့ဘက် ခံသာကျေးရွာသို့ မတ်လ၂ရက်က ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ (မတ်လ၃ရက်)အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီသည် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အထက ပင်မစာသင်ကျောင်းဆောင် အရှေ့ပိုင်းနှင့် ကျေးရွာတွင်းမှ ပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးကာ ရဲဘော်နှစ်ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန်ထားသည်။