ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်တပ်က စစ်ပွဲနဲ့မသက်ဆိုင်ဘဲ ရည်ရွယ်ချက်ရှိ ရှိနဲ့ လက်နက်ကြီးနဲ့ အကြိမ် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့တွေရဲ့နေအိမ်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်လာတာကြောင့် မတ်လ ၄ရက်နေ့ မနက် ၆နာရီမှ ညနေ ၅နာရီထိ ဆီဆိုင်မြို့မြောက်ဘက်မှာ တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) က ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့မြောက်ဘက်ကို အထိအခိုက်များစွာနဲ့ ပြန်လည်ဆုတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုအထိနာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ဆီဆိုင်မြို့ကို လက်နက်ကြီးနဲ့ အကြိမ် ၄၀ကျော် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးတာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၄ရက်နေ့မှာပဲ အကြမ်းဖက်စစ်ကောင်စီက မဲနယ်တောင်ဒေသကိုလည်း ဟိုပုံးမြို့ဘက်မှ နေပြီး လက်နက်ကြီးနဲ့ အကြိမ် ၂၀ကျော် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက လေယာဉ်တွေ၊ လက်နက်ကြီးတွေကို အလွန်အကျွံအသုံးပြုပြီး ပအိုဝ်းဒေသကို ပစ်ခတ်ဖျက်ဆီးနေလျက်ရှိပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။