စစ်ကိုင်းတိုင်း၊ကနီမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ယနေ့(မတ် ၅ ) ညနေ ၃နာရီခန့်တွင် မြို့ပေါ်ရပ်ကွက်များပေါ်သို့ ဓါတုဗုံးခုနစ်လုံးကြဲချခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
“ရပ်ကွက်တွေပေါ်ကို ဗုံးချသွားတာ။ ဓါတုဗုံး။ စုစုပေါင်း ခုနစ်လုံးချသွားတာ။ ဘာတွေဘယ်လိုထိခိုက်တယ်တော့ မသိနိုင်သေးဘူး” ဟု ကနီမြို့ခံတဦးကပြောသည်။
ကနီမြို့ပေါ်ရပ်ကွက်သုံးခု၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၂ ရက်နံနက်မှစ၍ တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုနေ့ကတည်းက စစ်ကောင်စီသည် ဂျက်ဖိုက်တာ၊ Mi-35 များသုံး၍ လေကြောင်းမှ နေ့စဉ်ဗုံကျဲတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲပထမဆုံးနေ့တွင်လေကြောင်းမှ ၂၃ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး ယနေ့လည်း လေကြောင်းမှမကြာခဏလာရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
“ဓါတုဗုံးကို ဒီနေ့ စသုံးတာ။ ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်တာလည်းရှိတယ်။ ကျတော်တို့လို ဒေသခံတချို့က မြို့ထဲမှာရှိနေသေးတယ်” ဟု မြို့ခံတဦးကပြောသည်။
တိုက်ပွဲကြောင့် မြို့ခံများထွက်ပြေးတိမ်းရှောင်နေကြရပြီး ပိတ်မိနေသူအချို့ရှိကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်၌ ထိခိုက်သေဆုံးသူများပြားသလို Non CDM ဝန်ထမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။သို့သော်တိုက်ပွဲအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။
စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများ၊ ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့ နှင့် စစ်တပ်အထိနာသောတိုက်ပွဲများတွင်ဓါတု ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ဖူးသည်။