ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF မှာ သင်တင်တန်းတက်ဖို့လာတယ်လို့ စွပ်စွဲပြီးတော့ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာမှာ စစ်ကောင်စီက လူငယ် ၁၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကားလေးစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရုတ်တရတ်ရောက်လာပြီး ဘော်ဆိုင်းကျေးရွာ ကုန်သာဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ လူငယ် ၁၄ ဦးကို ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ရွာကိုရုတ်ရက်ရောက်လာတယ် စစ်ကားက သုံး၊ လေးစီးလောက်ရှိမယ်။ ရှာဖွေမှုတွေလုပ်နေပြီးတော့ ဖမ်းသွားတယ်။ ပစ်သံတော့မကြားရဘူး။ တခြားတော့ ကျနော်တို့လဲ ကြောက်လို့မကြည့်ရဲဘူး။ တော်ကြာ မဆိုင်ပဲဝင်ဆွဲသွားမှာစိုးလို့” လို့ အဆိုပါ ဒေသခံအမျိူးသားတစ်ဦးက ပြောပါတယ်။
လူငယ် ၁၄ ဦးထဲမှာ မိန်းကလေး ၄ ဦး ပါဝင်ပြီးတော့ လက်နက်များပါ ရှာဖွေ့တွေ့ရှိသွားခဲ့တယ်လို့ အသက် ၃၀ အရွယ် ဘော်ဆိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
” သူတို့က ဘယ်ကလာတာလဲတော့မသိဘူး။ မိန်းကလေးက ၄ ယောက်ပါတယ်။ ပြီးတော့ သေနတ်တွေပါတွေ့တော့ အကုန်သိမ်းပြီး ဖမ်းသွားတယ်။ စိတ်လည်းမကောင်းဘူး” လို့၎င်းကဆိုပါတယ်။
စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချယ်နယ်လ်တွေမှာတော့လူငယ် ၁၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဘုန်းကြီးကျောင်း ဂိုထောင်ထဲက သေနတ် ၄ လက်၊ ကျဥ်အိမ် ၁၀ ခု၊ ကျည် ၅၆၀ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံး ကိုပါသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
DPLF မှာ စစ်သင်တန်းတက်ဖို့ လာရောက်တဲ့သူတွေဆိုတဲ့ စစ်ကောင်စီစွပ်စွဲမှုမှန်၊ မမှန် ဓနုပြည်သူလွတ်မြောက်ရေးတပ်မတော် (DPLF) အဖွဲ့ကို ဆက်သွယ်ပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ကလောမြို့နယ်ထဲမှာရှိတဲ့ ဘော်ဆိုင်းစံပြကျေးရွာဟာ ငွေ၊ ခဲ စတဲ့ သတ္ထုတွင်းထွက်တွေ ထွက်ရှိတဲ့ တဲ့အတွက် တိုင်းရင်းသားလူမျိုးစုံ နေထိုင်ကြပြီး လူဦးရေ တစ်သောင်းခွဲနီးပါးရှိတဲ့ ကျေးရွာအုပ်စုကြီးဖြစ်ပါတယ်။