ပဲခူးတိုင်း တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီကားတစ်စီးကို သံတောင်မြောက်ပိုင်း အထူးဒေသ UGအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးမှုရှိခဲ့သည်ဟု ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်(PDF) သတင်းရင်းမြစ်က ပြောသည်။
မတ်လ ၄ရက် ညပိုင်းတွင် ရေတာရှည်မြို့အနောက်ဘက်မြို့အဝင် ဆိုင်းဘုတ်အနီး စစ်ကောင်စီတပ်သား သုံးဦးပါ စစ်ကားတစ်စီးကို သံတောင်မြောက်ပိုင်းအထူးဒေသ UGအဖွဲ့မှ ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းသား -ရေတာရှည် PDFက ထုတ်ပြန်သည်။
” ကြိုသတင်းရလို့ မဟုတ်ပါဘူး။ ရန်ကုန်-မန္တလေး လမ်းဟောင်းဖြစ်တဲ့အတွက် နေ့စဉ် စကစ ကားတွေ အသုံးပြုတာများတဲ့အတွက် ကြိုတင်စီစဉ်ထားခြင်းဖြစ်ပါတယ်။ ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ကတော့ သံတောင်မြောက် ပိုင်း အထူးဒေသ UG ရဲဘော်တွေပါ”ဟု ရေတာရှည် PDF သတင်းရင်းမြစ်က မိုင်းဆွဲတိုက်ခိုက်မှု အခြေအနေကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကားခေါင်းအတွင်းပါ စစ်ကောင်စီတပ်သား နှစ်ဦးနှင့် နောက်တွင် လိုက်ပါလာသော တစ်ဦး စုစုပေါင်း သုံးဦးသေဆုံးသွားကြောင်း ဒေါင်းမင်းသား-ရေတာရှည် PDFက ထုတ်ပြန်သည်။
အဆိုပါ စစ်ကားသည် ခမရ (၈၄)တပ်မှ လက်နက်ပစ္စည်း ရိက္ခာတင်ဆောင်လာသော ထောက်ပို့ယာဉ်ဖြစ်ကြောင်းသိရှိရပြီး တိုက်ခိုက်ခံရမှု့အပြီးတွင် ရေတာရှည်မြို့နယ်ရုံးရဲစခန်းထဲသို့ ဆွဲယူသွားသည်ဟု ဖော်ပြထားသည်။