ရှမ်းပြည်မြောက်ပိုင်းတွင် TNLA ထိန်းချုပ်ထားတဲ့ မြို့ ၇ မြို့ကို ထုတ်ပြန်ထားခဲ့တဲ့ ညမထွက်ရ အမိန့်အပါအဝင် ကန့်သတ်ချက်တွေကို ရုပ်သိမ်းကြောင်း ဒီနေ့မှာ TNLA က ထုတ်ပြန်လိုက်ပါတယ်။
TNLA အုပ်ချုပ်နေတဲ့ မြို့ရွာဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်အပါအဝင် လောင်းကစားတွေ ကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတတဲ့ ဥပဒေနဲ့စီမံအုပ်ချုပ်မှုတွေနဲ့ အကောင်အထည် ဖော်နေတယ်လို့ ပါရှိပါတယ်။
ယင်းသို့ လုပ်ဆောင်နေစဉ်မှာ စစ်ကောင်စီက မတ်လ ၄ ရက်မှာ တအာင်းမြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကြေငြာပြီး ဒေသခံလူထုတွေ ထိတ်လန့်အောင် ဆောင်ရွက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ လုံခြုံရေးစီမံချက်တွေကို စနစ်တကျ ပြင်ဆင်ဖော်ဆောင်ထားပြီး ဒေသတွင် စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ထိုက်သင့်စွာလည်ပတ်နေပြီဖြစ်တဲ့အတွက် ထုတ်ပြန်ခဲ့တဲ့ ကန့်သတ်ချက်တွေကို ပြန်လည်ရုတ်သိမ်းတယ်လို့ ပါရှိပါတယ်။
စစ်ဆင်ရေးကာလအတွင်းထိန်းချုပ်လိုက်တဲ့ မြို့တွေမှာ ည ၉ နာရီမှ မနက် ၆ နာရီအထိ၊ ည ၁၁ နာရီက မနက် ၄ နာရီအထိ ညမထွက်ရအမိန့်တွေကို လိုအပ်သလိုထုတ်ပြန်ခဲ့ပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးနဲ့ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်ရာတွင် ဒေသခံပြည်သူတွေနဲ့ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယင်းအပြင် TNLA ဟာ မြောက်ပိုင်း ညီနောင်များနဲ့အတူ တရုတ်နိုင်ငံရဲ့ရှေ့ဆောင်ဦးရွက်မှုနဲ့ စစ်ကောင်စီနဲ့ ဟိုင်ဂင်သဘေတူညီချက်စာချုပ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က လက်မှတ်ရေးထိုးပြီး တအာင်းဒေသအပါအဝင် မြောက်ပိုင်းဒေသမှာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီး ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။