ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်မှာရှိတဲ့ ချောင်းဒဲစစ်ရှောင်စခန်းက ပြည်သူတွေက သောက်သုံးရေကို ဝယ်ယူသုံးစွဲနေရတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
စစ်ရှောင်စခန်းမှာ ရေအလှူရှင်လာရောက်မှုမရှိတော့တာကြောင့် စခန်းတွင်းနေသူတွေက ဂါလံ ၂၀၀၀ ဆံ ရေကားကို ၆၅၀၀၀ ကျပ်နဲ့ ဝယ်ယူသုံးစွဲနေရပြီး နှစ်ပတ်အထိပဲ အသုံးခံတယ်လို့ သိရပါတယ်။
“အလှူရှင်က လာလှူတာ တအားနည်းသွားပြီ။ ရေလည်းဝယ်ရတယ်၊ ဝယ်တဲ့ရေလည်း စားဖို့ပဲသုံးထားတယ်။ အဝတ်လျှော်ချင်ရင် ဟိုးအဝေးကြီးကို ခြေကျင်သွားရတာမျိုးပေါ့။ ရေဝယ်ရင် စခန်းထဲက ပိုက်ဆံရှိတဲ့သူတချို့က အဓိကစိုက်ပေးပြီးဝယ်ရတာပေါ့။ အရမ်းခက်ခဲနေတယ်”လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ချောင်းဒဲစစ်ရှောင်စခန်းမှာ လူဦးရေ ၁၃၀ ကျော်နေထိုင်နေပြီး အိမ်ခြေ ၂၉ အိမ်ရှိကာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ် ၁၅ ဦးလည်း နေထိုင်နေတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်နေထိုင်နေပြီး စစ်ရှောင်ကာလကြာလာတာကြောင့် လိုအပ်ချက်နဲ့ အခက်အခဲတွေများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအခက်အခဲတွေလည်းကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။