ရှမ်းပြည်တောင်ကြီးမြို့မှာ ညဘက်ရောင်းချနေတဲ့ ဈေးဆိုင်တွေဟာ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးတဲ့နောက်ပိုင်း ဝယ်ယူသူ လျော့နည်းလာတာကြောင့် ရပ်တည်ရ ခက်လာတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
အရင်က ၁၀ သိန်းကျော်အထိ ရောင်းအားကောင်းခဲ့တဲ့ ဆိုင်တွေဟာ လက်ရှိမှာ ၂ သိန်းပတ်ချာလည်လောက်အထိသာ ရောင်းနေရပြီး တချို့ဆိုင်တွေက တွက်ချေ မကိုက်တော့တာကြောင့် ပိတ်သိမ်းလိုက်ရပြီလို့ ဆိုပါတယ်။
အထက ၃ အနီး ညဈေးမှာ ရောင်းချနေတဲ့ ဈေးသည် တစ်ဦးက “နေ့ဘက်ကတော့ မြို့ထဲမှာ စားသောက်ဆိုင်ဖွင့်တာပေါ့။ ညဘက် ဒီမှာ အကင်ရောင်းတယ်လေ။ ဘယ်လိုမှ မကိုက်တော့ နားရမလား စဉ်းစားနေတာ။ မျောလိုက်ရင်းနဲ့ တော်တော် ရှုံးနေပြီး။ ၈ နာရီတောင် မထိုးသေးဘူး။ လူက ကုန်နေပြီ” လို့ ပြောပါတယ်။
တောင်ကြီးမြို့၊ မြို့မဈေးအနီး ညဈေးတန်းနဲ့ အထက ၃ အနီးညဈေးတန်းကို အရင်က ပြည်တွင်းခရီးသွားတွေနဲ့ လာရောက်လည်ပတ်သူ စည်ကားခဲ့ပေမယ့် လတ်တလောမှာတော့ မြို့ခံတွေတောင်မှ ၃ ပုံတစ်ပုံလောက်ကပဲ လာရောက်တော့တယ်လို့ ဆိုပါတယ်။
တောင်ကြီးမြို့တွင်း မူကထဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက “ဘားတွေတော့ ရောင်းအား သိပ်မကျဘူး။ အဓိက မာလဟင်းဆိုင်တွေ၊ အကင်ဆိုင်တွေ ထိလာတာပေါ့။ ဘားကျတော့ လူငယ်ပိုင်းများတာကိုး၊ ကျမတို့လို ဆိုင်တွေကျတော့ မိသားစုလိုက် လာကြတာက များတယ်လေ။ လူကြီးတွေဆိုတော့ စိုးရိမ်ကြတာပေါ့။ ပေါ်တာဆွဲတာတွေကလည်း ကောလဟာလ ထွက်နေတော့လေ”လို့ ပြောပါတယ်။
ဒီနေ့ (မတ် ၆)အထိ တောင်ကြီးမြို့အတွင်း ညဘက်ရောင်းချတဲ့ ဈေးဆိုင်ပေါင်း ၂၀ နီးပါးအထိ ရပ်ဆိုင်းထားရပြီး ဆိုင်တချို့ဟာလည်း တွက်ချေမကိုက်တာကြောင့် ရပ်နားဖို့ စဉ်းစားနေတယ်လို့ ကနဦး စုံစမ်းချက်အရ သိရပါတယ်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၁ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးတဲ့နောက်ပိုင်း ရွှေတောင်ရပ်ကွက်နဲ့ ဘုရားဖြူရပ်ကွက် စစ်ဆေးရေးဂိတ်တွေမှာ အမျိုးသား ၄ ဦး ပေါ်တာဆွဲခံရတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် မဲခေါင်အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။