တန့်ဆည်မြို့ဘက်မှ ဆုတ်ခွာလာသည့် ပျူစောထီးဘုန်းကြီးဝါသဝ၏ ပျူစစ်ကြောင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် အမှတ် (၁)စစ်ဒေသတွင်ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
မတ်လ(၅)ရက်နေ့ နံနက်(၅)နာရီခန့်က တန့်ဆည်မြို့မှထွက်လာသော အင်အား၁၅၀ခန့်ရှိသော ဝါသဝစစ်ကြောင်းကိုဆည်မြို့နယ်တောင်ပိုင်းတစ်နေရာ၌ တိုက်ခိုက်ခဲ့ခြင်းဟု PLA က ယနေ့ မတ်လ၆ရက်တွင် သတင်းထုတ်ပြန်သည်။
“တန့်ဆည်ကနေပြန်သွားတဲ့စစ်ကြောင်းကို ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်တာပါ။ ပျူစစ်ကြောင်းမှာ ထိခိုက်မှုတွေရှိပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး။ တန့်ဆည်နဲ့ ကန့်ဘလူကြားမှာ ချတာ” ဟု ဒေသကာကွယ်ရေးရဲပေါ်တစ်ဦးကပြောသည်။
အဆိုပါပျူစောထီးစစ်ကြောင်းကို PLA၊TCRF(PLA)၊မုံတိုင်ပင်(ပကဖ)၊တက်သစ်(ပကဖ)၊ကျောက်တိုင်(ပကဖ)တို့ ပါဝင်သောမဟာမိတ်တပ်ဖွဲ့ဝင် အင်အား(၄၀)ကျော်က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
ဒေသခံမျက်မြင်များ အပြောအရ စစ်ကောင်စီဘက်တွင် သေဆုံးသူ နှစ်ဦးမှ လေးဦးအထိရှိနိုင်ကြောင်း PLA က သတင်းထုတ်ပြန်ထားသည်။ ထိုစစ်ကြောင်းသည် သာကေတရွာမှ အိမ်တလုံးနှင့် အရပ်သားပိုင် ဆိုင်ကယ်(၉)စီးကို မီ:ရှို့ဖျက်ဆီးပြီးနောက် နာဋောင်းကျရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း PLA က အသိပေးထားသည်။
ယခုတိုက်ခိုက်ခံရသော ပျူစောထီးစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည့် တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းသို့ စစ်ကူလာပြီး ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကြောင်းဟုသိရသည်။ ကံထူးမရွာရဲစခန်း၌ ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နှင့် ပျူစောထီး များတပ်စွဲထားပြီး ၎င်းတို့အားလုံးသည် စစ်ကူများမလာနိုင်တော့သဖြင့် မတ်လ ၅ရက်က စခန်းစွန့် ထွက်ပြေးသွားခဲ့ကြရာ စခန်းအား တော်လှန်ရေးအင်အားသူများက အပြီးသတ်သိမ်းပိုက်ခဲ့သည်။