ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် လောင်းကစား မြို့တွင် အလုပ်လုပ်ကိုင်နေသူများကို ဒေသဖွံ့ဖြိုးရေးအတွက်ဆိုကာ တစ်ဦးလျှင် ဘတ် ၈၉၉၁ ကောက်ခံနေကာ မတ်လတွင်လည်း တစ်ဦးလျှင် ထိုင်းဘတ် ၁၉၈၈၈ ဘတ်ကောက်ခံမည်ဟု အကြောင်းကြားလာကြောင်း ရွှေက္ကိုလ်တွင် အလုပ်လုပ်နေသူများက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကောက်ခံနေခြင်းဖြစ်ပြီး ပေးဆောင်ပြီး ၈၉၉၁ ဘတ်အပြင် နောက်ထပ် ထပ်မံ၍ မတ်လ ၁၅ ရက်နေ့တွင် ၁၉၈၈၈ ဘတ် ပေးဆောင်ရမည်ဟု သတင်းထွက်ပေါ်နေ၍ အလုပ်လုပ်ကိုင်နေသူများ အခက်တွေ့နေကြကြောင်း ရွှေကုက္ကိုလ် မြိုင်ရှိ ကုမ္ပဏီများတွင် အဖြစ် လုပ်ကိုင်နေသူများက ပြောကြားသည်။
” ရွှေက္ကိုလ်မှာ လုပ်နေတဲ့ လူငယ်တွေဆီက ဒေသဖွံ့ဖြိုးကြေးဆိုပီး ဘတ်ငွေ ၈၉၉၁ ဘတ်ကောက်ခံခဲ့ပြီးပြီ။ ကျွန်တော် ကိုယ်တိုင် ပေးခဲ့ရတာပါ။ ၈၉၉၁ ဘတ်ပေးပြီးတဲ့အပြင် နောက်ထက်တစ်လအတွင်း ၁၉၈၈၈ ထိုင်းဘတ် ထပ်ပေးဆောင်ရမယ်ပြောပါတယ်”ဟု ရွှေက္ကိုလ်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
ရွှေက္ကိုလ်မြို့ကို ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ်များက အဓိက ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး ယခုအခါ မြို့ပတ်ပတ်လည်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားကြောင်း သိရှိရသည်။