ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ က စစ်ကောင်စီနဲ့လက်အောက်ခံပြည်သူ့စစ် PNO ထိန်းချုပ်ထားတဲ့ ဆိုက်ခေါင်ဈေးမှာ ဒေသခံမဟုတ်တဲ့ ပြင်ပဈေးသည်တွေကို ရောင်းချခွင့်မပေးတော့ဘဲ ဒီနေ့ မတ်လ ၇ ရက် က စပြီး ပိတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိုက်ခေါင်က ဈေးသည်တွေသာရောင်းချခွင့်ပြုပြီး ပျံကျဈေးသည်ကအစ ဈေးခုံတွေကို ဈေးလူကြီးတွေက နေ့လည် ၁၂ နာရီကတည်းက ပိတ်ခိုင်းသိမ်းခိုင်းတာလို့ သိရပါတယ်။
ဆိုက်ခေါင်ဈေးမှာ ယခင် ၅ ရက်တစ်ဈေးထဲက ဆီဆိုင်နဲ့နောင်မွန် စတဲ့အခြားနေရာတွေက လာပြီး ဈေးရောင်းတဲ့ဈေးသည်တွေရှိခဲ့တာကို ခုလိုပိတ်ပင်တားမြစ်တာဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထပ်ပြီး ဒုက္ခပေးတာလို့ ဒေသခံတွေက ပြောပါတယ်။
“စစ်မဖြစ်ခင်ကတည်းက လာရောင်းနေတာ၊ ခုလို စစ်ဘေးရှောင်တော့လဲ လုပ်စားလို့ရနေသေးလို့ နဲနဲအဆင်ပြေနေတာကို ဆိုက်ခေါင်သားမဟုတ်ရင် မရောင်းရဘူးလို့ ပိတ်ပင်တော့ ရေနစ်သူကို ဝါးကူထိုးသလိုဖြစ်နေပ” လို့ ဆီဆိုင်က စစ်ဘေးရှောင်ဈေးသည် တစ်ဦးက ပြောပါတယ်။
ဆီဆိုင်မြို့မှာတိုက်ပွဲတွေဖြစ်ပြီး လူတွေ နေလို့မရလို့ စစ်ဘေးရှောင်နေရသလို မြို့မဈေးကြီးလည်း လက်နက်ကြီးဒဏ်ကြောင့် မီးလောင်ပြာကျသွားခဲ့ပြီဖြစ်လို့ ဈေးသည်အများစုဟာ သူတို့ တက်တဲ့ဈေးရောင်းတာနဲ့ပဲ အသက်ဆက်နေရတဲ့အချိန်မှာ ခုလိုဒေသအပေါ်လိုက်ပြီး ပအိုဝ်းအချင်းချင်း ပိတ်ပင်တာဟာ ဒုက္ခကို ပိုမိုဆိုးရွားစေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီအမြောက်တပ်ဟာ ဆိုက်ခေါင်ဘောလုံးကွင်းမှာ အထိုင်ချပြီး ဘုန်းကြီးကျောင်းမှာ အင်အားရာချီတပ်စွဲထားတဲ့ PNO တွေဟာ ဆီဆိုင်ကို ဒီနေ့ မတ်လ ၇ ရက်မှာလည်း လက်နက်ကြီးနဲ့ပစ်ခတ်နေတာမှာ နေ့လည် ၁၂ နာရီကစပြီး မွေတော်အနောက်ဘက်၊ မြကန်သာ၊ ဟိုခဲနဲ့ အောင်သပြေရပ်ကွက်တွေ မီးလောင်နေပါတယ်။