ကရင်ပြည်နယ် ၊မြဝတီမြို့နယ် ၊သင်္ဃန်းညီနောင်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကို ဒီနေ့ မတ်လ ၇ ရက်မနက်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU ) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကသိရပါတယ်။
မနက်အစောပိုင်းမှာ KNU တပ်မဟာ (၆) နဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်နေတာဖြစ်ပြီး ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။
“တိုက်ပွဲဖြစ်နေတယ် ၃၅၅ နားမှာ၊ မြဝတီမြို့ထဲကတောင် အသံအကျယ်ကြီး ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခြေမြန်တပ်ရင်းဌာနချုပ် တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ ၊လေကြောင်းပစ်ကူသုံးပြီး တန်ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူကတော့ ခမရ ၃၅၅ တပ်ရင်းဌာနချုပ်ထဲမှာ ယန္တယားတပ်ပါ ရှိနေတယ်လို့ ပြောပါတယ်။
KNU နဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်နေတဲ့ ခမရ ၃၅၅ ဟာ ကော့ကရိတ် − မြဝတီ အာရှလမ်းမကြီးနဲ့ ကော့ကရိတ် − မြဝတီ ဒေါနတောင်ပေါ် လမ်းဟောင်း တို့ရဲ့ လမ်းဆုံအနီးမှာရှိပါတယ်။
မြဝတီမြို့နဲ့တော့ ၁၀ မိုင်ခန့် အကွာမှာရှိတယ်လို့သိရပါတယ်။ သင်္ဃန်းညီနောင်မှာ ခမရ ၃၅၅ အပြင်
၃၅၆ နဲ့ ၃၅၇ ဆိုတဲ့ ခြေမြန်တပ်ရင်း ၂ ရင်းလည်းရှိပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉. ရက်က တော့ သင်္ဃန်းညီနောင်မှာရှိတဲ့ ခမရ ၃၅၆ ကို လာတဲ့ စစ်ကောင်စီအရာရှိပိုင်းစီး ရဟတ်ယာဉ်ကို KNU က ပစ်ချထားပါတယ်။