ရှမ်းပြည်နယ်တောင်ပိုင်း၊ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို မတ်လ ၇ ရက်နေ့က တောတွင်းတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ KP က ပြောပါတယ်။
“တပ်မွေးနေ့ကိုအကျဥ်းချုံးလုပ်ဖြစ်တယ်ပေါ့။ ကျွန်တော်တို့အဖွဲ့တွေက အခက်အခဲတွေကြားကနေ ရုန်းကန်ပြီး တော်လှန်ရေးလုပ်နေကြတယ်။ တပ်ဖွဲ့အတွက်လည်း အမှတ်တရရှိစေချင်တာကြောင့် လုပ်ဖြစ်တာပါ။”လို့ သူက ပြောပါတယ်။
တပ်မွေးနေ့မှာ ဂျိုးဖြူတပ်ဖွဲ့ရဲ့ တာဝန်ခံအသီးသီးက မိန့်ခွန်းပြောကြားတာ၊ သစ္စာအဓိဌာန် ရွတ်ဆိုတာ၊ကျဆုံးရဲဘော်တွေကို အလေးပြုတာ၊ ကျဆုံးရဲဘော်ကို ရည်စူးပြီး ရဟန်းသံဃာတွေကို ဝတ္ထုငွေကပ်လှူတာ၊ ရှေ့ဆက်လုပ်ဆောင်မယ့်အရာတွေကို ပြောကြားတာ စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဂျိုးဖြူတပ်ဖွဲ့က ကရင်နီပြည်နယ်နဲ့ ရှမ်းတေယင်ဒေသတွေမှာ ရှေ့တန်းရဲဘော်အနေနဲ့ပါဝင်တိုက်ခိုက်တာ၊ ဒရုန်းအဖွဲ့နဲ့ အတူ တိုက်ခိုက်တာတွေအပြင် စစ်ကောင်စီထောက်တိုင်တွေကိုလည်း ရှင်းလင်းပေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
မဟာမိတ်အဖွဲ့တွေနဲ့အတူ စစ်ရေးစစ်ရာတွေနဲ့ ရဲဘော်သစ်တွေကို စစ်သင်တန်းပေးတာအပြင် ပူးပေါင်းတပ်ဖွဲ့အချင်းချင်း နည်းပညာမျှဝေတာ၊ စစ်ရေးနည်းဗျူဟာမျှဝေတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။