စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာကို စစ်ကောင်စီက ၄ ကြိမ်မြောက် မီးရှို့ရာ နေအိမ် ၂၀ နီးပါး မီး လောင်ပြာကျသွားကြောင်းဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် စစ်တပ်က ဘုတလင်မြို့နယ် ၊ ဇီးတောကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး မီးရှို့သွားခြင်းဖြစ်ကြောင်း ၊ စစ်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်လာကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ် ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“စစ်ကြောင်းကတော့ နမခထဲက ထွက်လာတဲ့ စစ်ကြောင်းပါ။ အင်အား ၈၀ လောက်ပါတယ်။ရွာထဲဝင်လာလာချင်း ၄၀မမကျည် တွေနဲ့ မနားတမ်းပစ်ခတ်တယ်။ အဲဒီလိုပစ်ခတ်လို့ ရွာမှာ အမျိုးသမီးငယ် ၁ ဦး ခြေသလုံး ထိမှန်ဒဏ်ရာရတယ်။ ရွာကို မီးရှို့ပြီး မုံရွာမြို့နယ် ဖန်းခါးကျင်းရွာဘက် ထွက်သွားတယ်။ အိမ်မီးလောင်သွားတာက အိမ်အလုံးရေ ၂၀ နီးပါး မီး လောင်ဆုံးရှုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီတပ်က ဇီးတောကျေးရွာကို မီးရှို့သည့် အကြိမ်အရေအတွက် ၄ ကြိမ်အထိရှိလာပြီး အိမ်ခြေ စုစုပေါင်း ၁၁၇ လုံးအထိ မီး လောင်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။