ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီး ခါရဘွမ်နှင့် ဘွမ်ရေဘွမ် စစ်တပ်စခန်းများကို ယနေ့ သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၇ ရက်နေ့မှစတင်ပြီး KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းယူလျက်ရှိရာ လက်ရှိတွင် စခန်းပေါင်း ၁၆ ခုထက်မနည်းကို သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း၊ ယနေ့တွင်လည်း လိုင်ဇာသို့ လက်နက်ကြီးများ မကြာခဏပစ်နေသော စစ်ကောင်စီ၏ စခန်းကုန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။
“လိုင်ဇာ အနီးက အကြမ်းဖက်တပ်ရဲ့ အမာခံ စခန်း ခါရဘွမ် နဲ့ ဘွမ်ရေဘွမ်စခန်းတွေကို သိမ်းယူလိုက်ပါပြီ။ အဲဒီစခန်းတွေက လိုင်ဇာဘက်ကို လက်နက်ကြီးပစ်နေတဲ့ စခန်းတွေ။ နောက်ထပ် လက်နက်ကြီးပစ်တဲ့ စခန်းတွေတော့ ဆက်တိုက်သိမ်းနေတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေဦးမယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှ ရဲမှူး ဝင်းကို အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးက KIA နှင့် ပူးပေါင်းတပ်ဖွဲ့များထံတွင် လက်နက်ချအညံ့ခံလိုက်ကြောင်း KIA သတင်းရင်းမြစ်က အတည်ပြုဥည်။
“ရဲမှူးနဲ့ တပ်ဖွဲ့ဝင် ၁၂ ဦး စုစုပေါင်း ၁၃ ဦး အလင်းဝင်တယ်။ သူတို့ဘက်ကနေ ဆက်သွယ်ပြီး အလင်း ဝင်တာပါ။ လက်နက်တွေလည်းပါတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။