တကောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်နေ၍ တွင်းငယ်-ကြာညှပ်-တကောင်းလမ်းပိုင်းအား ယာယီပိတ်ထားကြောင်း သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (မတ်လ ၉ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ၍ စစ်ကောင်စီက လေကြောင်းပစ်ကူများ အသုံးပြု၍ စစ်ကြောင်းထိုးနေကြောင်း၊ ထို့ကြောင့် တွင်းငယ်-ကြာညှပ်-တကောင်းလမ်းပိုင်းသည် အန္တရာယ်များလွန်းနေ၍ လမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း သပိတ်ကျင်းပကဖအဖွဲ့က အသိပေးသည်။
“ရွာ (၇)ရွာ ပြည်သူ သုံးထောင်ခန့် စစ်ဘေးရှောင်နေရတယ်။”ဟု သပိတ်ကျင်း ပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ပြန်လည်အသုံးပြုနိုင်မည့်ရက်ကို တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ပြီး တားမြစ် ထားချိန် သုံးစွဲခြင်းမပြုရန် သပိတ်ကျင်း ပကဖအဖွဲ့က ထပ်မံမေတ္တာရပ်ခံသည်။
သတိပေးထုတ်ပြန်ချက်များ မလိုက်နာပါက နောက်ဆက်တွဲ အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ကြောင်း သပိတ်ကျင်း ပကဖအဖွဲ့က
အသိပေးထားသည်။
မတ်လ ၄ရက်မှ ၇ရက်အထိ တကောင်းမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အထိအခိုက်များကြောင်း ဒေသခံများထံမှ သိရသည်။