ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း ဧရိယာရှိ ဆက်သွယ်ရေးတာတိုင်တွေကို ဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းအချို့ ဆက်သွယ်မရ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲများဖြစ်ပွားခဲ့တဲ့ ဧရိယာတွေမှာရှိတဲ့ တာဝါတိုင်တွေကိုဆီဖြည့်ကန်ထရိုက်တာတွေ သွားရောက်မဖြည့်တင်းနိုင်တဲ့အတွက် ခုလို ဖြစ်နေတာလို့ ကျောက်မဲဒေသခံ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
`၁၀၂၇ မတိုင်မီကလည်း တိုက်ပွဲကြားမှာ ဆီမဖြည့်နိုင်လို့ ဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး အဆင်မပြေဖြစ်ခဲ့တာ ခု ၁၀၂၇ ကာလနဲ့နောက်မှာလည်း လက်နက်ကိုင်တွေ တပ်စွဲထားတဲ့ နေရာအတော်များများကို ဆီသွားမဖြည့်ရဲကြဘူး `လို့ မဲခေါင်ကို ပြောပါတယ်။
ဆက်သွယ်ရေးတာဝါတိုင်တွေကို သူ့ကုမ္ပဏီအလိုက် ခွဲခြားလုပ်ကိုင်ခဲ့ကြပေမယ့် တိုက်ပွဲတွေ အဖြစ်များတဲ့နောက်ပိုင်းမှာတော့ ဆက်သွယ်ရေးတိုင်တစ်ခုကို ပဲ ကျန်ကုမ္ပဏီက စုပေါင်းပြီး သုံးစွဲနေရတာလို့ ပြောပါတယ်။
`အရင်က ဒီတိုင်ဆို အူရီဘဒူး၊ ဒါဆို တယ်လီနော၊ ဒါဆို အမ်ပီတီဆိုပြီး ခွဲလို့ရတယ်၊ ခုက အဆင်ပြေတဲ့ တစ်တိုင်ထဲမှာပဲ စုပေါင်းတင်ပြီး လုပ်ဆောင်နေကြတာလို့သိရတယ်`လို့ပြောပါတယ်။
လက်ရှိမှာ ကျောက်မဲ ဝန်းကျင်ရှိ တာဝါတိုင် ၁၈ တိုင်မှာ ၁၀ တိုင်လောက်ပဲ ဆီဖြည့်နိုင်နေပြီး စစ်စခန်းရှိရာတွေမှာ တာဝါတိုင်တွေတည်ဆောက်ထားတဲ့ Mytel သာ သုံးလို့ကောင်းနေတယ်လို့ သိရပါတယ်။
ကျောက်မဲက ၇ မိုင်ဝေးတဲ့ မိုင်းငေ့ါတွင် အူရဒူးတစ်ခုသာ ရပြီး ကျောက်မဲမှ သီပေါကြားတွင် မိုင်တဲလ် တစ်ခုသာရကာ ကျောက်မဲမြို့ပေါ်မှာတော့ ကတ် အကုန်အသုံးပြုလို့ရနေပေမယ့် အင်တာနက် Wifi မှာတော့ Mytel တစ်ခုသာ သုံးလို့အဆင်ပြေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့အဓိကစီးပွားရေးထောက်တိုင်ဖြစ်တဲ့ Mytel တာဝါတိုင်တွေက ဆီထုတ်ယူတာအပြင် တာဝါတိုင်က မီးစက်ကိုပြန်အသုံး ပြုနိုင်တာ၊ တာဝါတိုင် တွေကို ဖောက်ခွဲဖျက်ဆီးပြီး လက်နက်ကြီးပြုလုပ်တာ၊ တွင်ခုံအထိုင်ပြုလုပ်တာ၊ တူရွင်းပြားနဲ့ အခြားပစ္စည်းမျိုးစုံအသုံးတည့် အောင်ပြုလုပ်သုံးစွဲနေကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုနေကြပါတယ်။