တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက် သွားရောက်ခိုလှုံနေတဲ့ မြန်မာ စစ်ဘေးရှောင် ၇၇ ဦးကို အိန္ဒိယ အစိုးရ က နေရပ် ပြန်ပို့ ပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက အိန္ဒိယနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ပထမအသုတ်အနေနဲ့ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သူ့ရဲ့တွစ်တာ စာမျက်နှာမှာရေးသားထားပါတယ်။
မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် က နေရပ်ပြန်ပို့တဲ့ မြန်မာစစ်ဘေးဒုက္ခသည် အရေအတွက် အတိအကျ ပြောကြားထားခြင်း တော့ မရှိပါဘူး။
AFP သတင်းဌာန က စုံစမ်းထားတဲ့ အချက်အလက်တွေ အရတော့ အမျိုးသမီး ၅၁ ဦး နဲ့ ကလေး ၅ ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၇၇ ဦးကို မတ် ၈ ရက်မှ ၁၁ ရက်အထိ အသုတ်လိုက်ခွဲပြီးနေရပ် ပြန်ပို့မှာဖြစ်တယ်လို့ဆိုပါတယ်။
မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ သူ့ရဲ့တွစ်တာ စာမျက်နှာမှာတော့ အမျိုးသမီး နဲ့ ကလေးငယ်တွေပါဝင်တဲ့ မြန်မာ နိုင်ငံသားစစ်ဘေးရှောင် တွေ ကို နေရပ်ပြန်ပို့ ဖို့ ပြင်ဆင်နေတဲ့ ရုပ်သံ ဖိုင်ကို တင်ထားတာကို တွေ့ ရပါတယ်။
အဲ့ဒီရုပ်သံဖိုင်နဲ့ အတူ “”အိန္ဒိယ က ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်း ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ မဟုတ်ပေမယ့်လည်း ဒုက္ခသည်တွေကို အကူအညီပေးခဲ့တယ်” လို့ရေးသားထားပါတယ်။
ပြန်ပို့ခံရတဲ့ စစ်ဘေးရှောင်တွေဟာ မဏိပူရ်ပြည်နယ်က ထိန်းသိမ်းရေးစင်တာမှာ ဖမ်းဆီးခံထားရတဲ့ သူတွေဖြစ်တယ်လို့လည်း သိရှိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံက အရပ်သား ထောင်နဲ့ချီပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း က မဏိပူရပြည်နယ်ထဲကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ရပါတယ်။
အိန္ဒိယ နိုင်ငံထဲ တရားမဝင် ရောက်လာတဲ့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၇၀ လောက်အထိ ရှိနေတယ်လို့ India For Myanmar အဖွဲ့ စာရင်းတွေအရ သိရှိရပါတယ်။