ပဲခူးတိုင်း ၊ ဒိုက်ဦးထောင်မှာ အသက် ၆၀ ကျော်အရွယ် နိုင်ကျဉ်းအမျိုးသား ၁ ဦး လုံလောက်တဲ့ ဆေးကုခွင့်မရလို့ မတ်လ ၆ ရက် မနက်ပိုင်းမှာ ဆုံးပါးသွားရပါတယ်။
အကျဉ်းထောင်တွင်းသေဆုံးခဲ့ရတဲ့ နိုင်ကျဉ်း ဦးခင်စိုးဟာ အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပဲခူးတိုင်း၊ဝေါမြို့ ၊ကတွတ်ရွာ ဇာတိဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးပါတယ်။
ဦးခင်စိုးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၈ ရက်မှာ ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၅၂ (က)၊ ၅၀ (ည) တို့ နဲ့ စွဲချက်တင်ကာ ထောင်ဒဏ် ၁၄ နှစ်ချထားတာပါ။
“ကျန်းမာရေး မကောင်းဖြစ်နေတာ နှစ်လလောက်တော့ ရှိပြီ အပြင်ဆေးကုသခွင့်လဲ ခနခန တောင်းခံပေမဲ့ ထောင်အာဏာပိုင်တွေဘက်က မသိချင်ယောင်ဘဲ ဆောင်နေခဲ့တယ်” လို့ PPNM က ဖော်ပြပါတယ်။
ဦးခင်စိုးဟာ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားပြီး ဆုံးပါသွားတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်က ဒိုက်ဦးထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ အသက် ၆၈ နှစ်အရွယ် နိုင်ကျဉ်း ဦးအေးဝင်း လည်း လုံလောက်တဲ့ ဆေးကုခွင့်မရလို့ သေဆုံးခဲ့ရတယ်လို. PPNM က ဆိုပါတယ်။
ဒါဟာ ဒိုက်ဦးထောင်မှာ ၁ လအတွင်းမှာတင် သက်ကြီးပိုင်း နိုင်ကျဉ်းအမျိုးသား ၂ ဦး ဆုံးပါးထားတာပါ။
အခုနှစ်အတွင်းမှာ အိုးဘိုထောင် ၊ မကွေးထောင် ၊ ကျိုက်မရောထောင် ၊ ဒိုက်ဦးထောင်တွေမှာ လုံလောက်တဲ့ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၇ ဦးထိ ဆုံးပါးထားတယ်လို့PPNM ရဲ့ စာရင်းအရသိရပါတယ်။