ရက္ခိုင့်တပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်း (အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း)မှ ထွက်ပြေးသွားသည့် ဒုဗိုလ်မှူးကြီး ရဲထွဋ်ဝင်း နှင့် အခြားစစ်ကောင်စီတပ်သား အများအပြားကို အသေဖမ်းမိဟု AAက မတ်လ ၉ ရက်ညတွင် ထုတ်ပြန်သည်။
တိုင်းဗဟို (၉)မှ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူ ၂၀ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရကြောင်း၊ လက်ရှိတွင် အဆိုပါဓားစာခံများကို ကယ်တင်နိုင်ခဲ့ကြောင်း၊ စာခံများကို ဦးဆောင်ခေါ်ယူသွားသော တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူးဖြစ်သော ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့ကို မတ်လ ၈ရက် နံနက်တွင် အသေဖမ်းမိခဲ့ကြောင်း ဖော်ပြထားသည်။
ထိုအပြင် ကျောက်တော်၊ တပ်မဌာနချုပ် နှင့် တိုင်းဗဟို(၉)အပါအဝင် အခြားသောနေရာများမှ ထွက်ပြေးကာ လွတ်မြောက်ရန်ကြိုးစားနေကြသောသူများထဲမှ အချို့ကို နေ့စဉ်နှင့်အမျှ မိမိတို့မှ ဖမ်းဆီးရမိလျက်ရှိသည်ဟု အသိပေးထားသည်။
ရက္ခိုင့်တပ်တော်သည် မိမိတို့သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်ကြီးများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေဆဲဖြစ်ကြောင်း၊ ယခုရက်သတ္တပတ်အတွင်း စခန်းအချို့ဆုံးရှုံး လက်လွှတ်ခဲ့ရသော နေရာများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားဖြင့် ခြေဦးတည့်ရာဆီသို့ လွတ်မြောက်ရန်ကြိုးစားလျက်ရှိရာ ထွက်ပြေးနေကြသော ရန်သူများကို ဖမ်းဆီးရရှိရေး ကြိုးပမ်းနေကြောင်း အသိပေးသည်။
ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောတောင်များထဲတွင် အုပ်စုငယ် များ အနေနှင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ရှိနေနိုင်ဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် နေ့၊ ည သွားလာသောအချိန်များတွင် သတိထားသွားလာကြရန်၊ လုံခြုံရေးသတိထားကြရန် အသိပေးလိုက်ကြောင်း AAက ထုတ်ပြန်သည်။
ရက္ခိုင်ဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မနှောင်းခင် လက်နက် ချရန်၊ အလံဖြူထောင်ရန် ထပ်မံသတိပေးကြောင်းလည်း ဖော်ပြသည်။
စောစီးစွာ လက်နက်ချပါက စောစီးစွာအသက် ရှင်ခွင့် ရမည်ဖြစ်ပြီး လက်နက်ချအညံ့မခံသော စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ထပ်လောင်း အသိပေးသည်။
မတ်လ ၉ရက်စစ်ရေးအခြေအနေကို ဖော်ပြထားရာတွင်လည်း စစ်ကောင်စီသည် စစ်တွေမြို့မှ ရသေ့တောင်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်တစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဖော်ပြသည်။
ထို့ပြင် ရမ်းဗြဲမြို့အားလည်း စစ်ကောင်စီသည် နေဗီပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဂျက်တိုက်လေယာဉ်၊ Y-12 ၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့်ပစ်ခတ်ခြင်းတို့ကို တစ်နေကုန်ပြုလုပ်နေခဲ့သည်ဟု AAက ထုတ်ပြန်သည်။