ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် မင်းတပ်မြို့နယ်နှင့် ဆောမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ယခုရက်ပိုင်းများအတွင်း ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက မင်းတပ်မြို့နယ်ဘက်သို့ ထောက်ပို့ယာဉ်တန်းလာရောက်ရန် ပြင်ဆင်နေပြီး စစ်ကြောင်းများလှုပ်ရှားခြင်း၊ လေကြောင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများ မကြာခဏ လုပ်ဆောင်နေသည်ဟု ဆိုသည်။
” ယာဉ်တန်းလာဖို့ ပြင်နေတာ။ အကြိုထွက်တဲ့ စခ စစ်ကြောင်းနဲ့ ထိတွေ့မှု မဖြစ်သေးဘူး။ လေယာဉ်နဲ့ လက်နက်ကြီးနဲ့ပဲ နေ့တိုင်းသုံးနေတာ”ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
ယနေ့ (မတ်လ ၁၀ရက်) ညနေ ၃နာရီ ၄၀မိနစ် တွင် မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်က မင်းတပ်မြို့နယ် တိုက်နယ်(၂)ဘက်ရှိ ပြည်သူ များနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသလို ဆောမြို့နယ် ကျောက်ထု ဒေသတွင်လည်း စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်း၌ တိုက်လေယာဉ် ၂စီးဖြင့် ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု မင်းတပ်ဒေသခံက အသိပေးသည်။
မတ်လ ၉ရက်ကလည်း ကျောက်ထုဒေသ တစ်နေရာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း၊ ကျောက်ထုမြို့နယ် သရက်ချဥ်ကျေးရွာရောက်နေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ငလွန်းရွာ၌ အလုပ်လုပ်နေသည့် ပြည်သူ သုံးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု မင်းတပ်ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းကလည်း မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်မှုများ ရှိခဲ့သည်။