စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာသို့ စစ်တပ်က ယနေ့ နံနက်ပိုင်း ပစ်ခတ်ဝင်ရောက်လာသဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အများအပြားကိုလည်း စစ်တပ်ကမီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန် ဘုတလင်မြို့နယ်တောင်ဘက်၊ ဇီးတောရွာသို့ စစ်ကောင်စီတပ်က ၅ ကြိမ်မြောက် ဝင်လာပြီး ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း၊ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဒီနေ့ မတ်လ ၁၁ ရက်နေ့ မနက်ခင်း ၆ နာရီအချိန် ရွာထဲဝင်လာပြီး ပစ်ခတ်ဝင်ရောက်လာတယ်။ ဝင်လာပြီးတော့ အိမ်တွေကို မီးရှို့တယ်။ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် ၁၃ လုံး ၊ နွားတင်းကုပ် ၁၂ လုံးမီးလောင်ဆုံးရှုံးသွားကြောင်း ၊ ဇီး တောကျေးရွာကို စစ်ကောင်စီတပ်က ယခု ဝင်ရောက်မီးရှို့မှုသည် ၅ ကြိမ်မြောက်ဖြစ်ပြီး အိမ်ခြေ ၁၆၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။