ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့ နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးတွေ ၊ ဒရုန်းတွေနဲ့ ပြည်သူတွေကို တိုက်ခိုက်နေတယ်လို့ KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ၂ ရက်တာအတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရကာ ၊ နေအိမ် ၄ လုံး ပျက်စီးခဲ့ရသလို ကျေးရွာပေါင်း ၂၅ ရွာက ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
မတ်လ (၉) ရက် နေ့လည် (၂) နာရီမှစပြီး အာဏာသိမ်းအကြမ်းဖက်စစ်တပ်က နတ်သံကွင်းမှ နေပြီး ဒရုန်းများ လက်နက်ကြီး များကို အုန်းပင်စု ကျေးရွာ အတွင်းသို့ အဆက်မပြတ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ အတွက်ကြောင့် (၁) သပြေကုန်း၊ (၂) ရေတွင်းကုန်းကြီး (၃) ရေတွင်းကုန်းလေး၊ (၄) အုန်းပင်စု (၅) ဥသျှစ်ကုန်း၊ (၆) ဝက်တူ၊ (၇) အညာစု၊ (၈) ငနွားဆိပ် (၉) ရင်းတိုက်ကုန်း၊ (၁၀) နောင်ကုန်း၊ (၁၁) ရေလဲကရင်၊ (၁၂) ရေလဲ ဗမာ၊ (၁၃) ထွနီကုန်း၊ (၁၄) ရန်မျိုးအောင်၊ (၁၅) တမာခေါ၊ (၁၆) တောင်စု (ရှေ့)၊ (၁၇) တောင်စု (နောက်)၊ (၁၈) တမောမ၊ (၁၉) ရွာကြီးအင်း၊ (၂၀) ကျွန်းကုန်း (နိုကလော်)၊ (၂၁) မရမ်းစိန်ကြီး၊ (၂၂) မရမ်းစိန်လေး အစရှိတဲ့ ကျေးရွာပေါင်း (၂၂) ရွာမှ ပြည်သူလူထုများမှာ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေခဲ့ရပါတယ်။
ဒါ့အပြင် ညနေ ၇ နာရီခွဲခန့် မှ ၉ နာရီ ၁၇ မိနစ်အထိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်များက ကွင်းချောင်းဝမှနေပြီး လက်နက်ကြီး (၁၃) လုံးထပ်မနည်း ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးများ က ရေလဲ(အနောက်)၊ ဝက်တူး(အနောက်)၊သင်္ကန်းပင် စသော ကျေးရွာများကို ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ကျေးရွာများမှာနေထိုင်တဲ့ ပြည်သူလူထုအနေနဲ့ အသက်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
မတ်လ (၁၀) ရက် နေ့လည် ၁၀ နာရီ ၃၈ မိနစ်မှာ နတ်သံကွင်းရှိ အာဏာသိမ်းအကြမ်း ဖက်စစ်တပ် များက ဒရုန်းများဖြင့် ရင်းတိုက်ကုန်းကျေးရွာအတွင်းကို မီးလောင်ဗုံး (၄) လုံး ပစ်ချခဲ့သောကြောင့် ရင်းတိုက်ကုန်းကျေးရွာသား တီးမောင်မီး (၅၄) နှစ် မှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ ရပြီး (၁) တီးမောင်မီး (၂) ညားနဂိုမာနဲ့ (၃) နော်ဂရင်းတို့ရဲ့ နေအိမ် (၃) လုံး ပြိုကျပျက်စီးခဲ့ရပါတယ်။
ဒါအပြင် မွန်းလွဲ ၁၂ နာရီ ၁၃ မိနစ်မှာ နောက်ထပ် ဒရုန်းတစီးဖြင့်ရင်းတိုက်ကုန်းသို့ ဗုံးသီး တလုံးထပ်မံ ကြဲချရာ တီးဂူးနူး အိမ်မှာ ဗုံးစ ထိမှန် ပျက်စီး ခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန် အသိပေးထားပါတယ်။