ဒီနေ့ကျရောက်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၅) နှစ်မြောက်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလ က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ ၁၉၈၉ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှာ စတင်တည်ထောင်ခဲ့သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဒီနေ့မှာ (၃၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ဖြတ်သန်းလာသော တော်လှန်ရေးသမိုင်းတလျှောက် အခက်အခဲ၊ အနိမ့်အမြင့် အတက်အကျများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားပြီး ကိုးကန့်ဒေသနဲ့ ကိုးကန့်လူထုလွတ် မြောက်ရေးအတွက် တော်လှန်ရေး ယုံကြည်ချက်ကို (၃၅) နှစ်တိုင်တဲ့အထိ မဆုတ်မနစ် ကိုင်စွဲလျှောက်လှမ်းမှုအပေါ် လေးစား ဂုဏ်ယူတယ်လို့လည်း ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို အဓမ္မ လုယူရန် ကြိုးစားခဲ့တဲ့ဖြစ်စဉ် နောက်ပိုင်းမှာလည်း ဖက်ဆစ် စစ်အုပ်စု ပြုတ်ကျရေး၊ နိုင်ငံတဝန်း ပြည်သူအားလုံး လွတ်မြောက်ရေးတို့အတွက် ပြတ်သားစွာ ရပ်တည် တိုက်ပွဲဝင်မှုအပေါ် အသိအမှတ် ပြုဂုဏ်ယူတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အပါအဝင်၊ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ ဦးဆောင်ပြီး စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးက အကြမ်းဖက် စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ပြည်ထောင်စုတဝန်းလုံး မျှော်ရည်ချက်ဖြစ်တဲ့ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် သမိုင်းဝင် စစ်ဆင်ရေးကြီးဖြစ်ပြီး သမိုင်းတွင်မယ် အောင်ပွဲများကို ရရှိခဲ့တဲ့အပေါ် လေးစားဂုဏ်ယူတယ်လို့ ဆိုပါတယ်။
စတင် တည်ထောင်ခဲ့တဲ့ အချိန်မှစပြီး ယနေ့ (၃၅) နှစ် ပြည့်မြောက်တဲ့ အချိန်အထိ ကိုးကန့်ဒေသနဲ့ ကိုးကန့်လူထု လွတ်မြောက်ရေး၊ မြန်မာပြည်သူအားလုံး လွတ်မြောက်ရေးတို့အတွက် တိုက်ပွဲ ဝင်ရင်း ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားကြတဲ့ ကိုးကန့် ရဲဘော်ရဲဘက် တဦးချင်းစီကို လေးနက်စွာ ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ထောင်နိုင်ရေး အတူတကွ လက်တွဲပြီး တိုက်ပွဲဝင်သွားမယ့်အကြောင်း ကတိပြုရင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (၃၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်တယ်လို့ ဖော်ပြထားပါတယ်။