စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်မည့် “အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု” တွင် ပြည်သူများပါဝင်ပေးရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု General Strike Coordination Body -GSCB က တောင်းဆိုလိုက်သည်။
“ကျွန်တော်တို့ ကျွန်မတို့ရဲ့ လူငယ်မျိုးဆက်သစ်တွေ စစ်ကျွန်ဘဝကနေ လွတ်မြောက်ဖို့ကြိုးစားတဲ့ ဒီလှုပ်ရှားမှုမှာ တစ်တပ်တစ်အားအဖြစ် အခုပဲ ပါဝင်လိုက်ကြပါစို့။” ဟု GSCB ကတောင်းဆိုထားသည်။
ထိုဥပဒေကိုဆန့်ကျင်ကြောင်းလက်မှတ်များကို https://www.change.org/…/people-s-movement-against… တွင် အထက်ပါလင့်မှတစ်ဆင့်ဝင်ရောက်၍ ပါဝင်ရေးထိုးနိုင်ကြောင်း GSCB ကအသိပေးထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီက အင်အားဖြည့်ရန်အတွက် လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုကြောင်း ဖေဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သည်။
ထို့နောက် မြို့နယ် ၊ ရပ်ကွက် ကျေးရွာများတွင် စမတ် ကတ်များပြုလုပ်ရန်ဆိုကာ ဖိအားပေးလုပ်ဆောင်နေပြီး အသက် ၁၈ မှ ၃၅ နှစ်အတွင်းလူငယ်စာရင်းများကို အဓိကကောက်ယူနေကြောင်းဒေသခံများကပြောသည်။
စစ်မှူမထမ်းလိုသည့် လူငယ်များအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လူသစ်များခေါ်ယူမှုများပြုလုပ်လျက်ရှိသောကြောင့် လူငယ်များက ယင်းနေရာများသို့ သွားရောက်သူများလည်းရှိသည်။ ထိုအပြင် ပြည်ပသို့ သွား၍ပညာသင်ကြားသူ ၊အလုပ်လုပ်သောသူများစွာလည်းရှိသည်။
စစ်ကောင်စီက ဥပဒေမှာ လာမည့် ဧပြီလမှစတင်အသက်ဝင်မည်ဆိုသော်လည်း ဧည့်စာရင်းစစ်ခြင်း၊မသက်ာ၍စစ်ဆေးသည်စသောအကြောင်းပြချက်ဖြင့် လူငယ်များကို ဖမ်းဆီး၍ ခေါ်ဆောင်ဆောင်ခြင်း ၊ငွေတောင်း၍ ပြန်လွှတ်ပေးခြင်း စသည်တို့ကို ပုံစံမျိုးစုံ ပြုလုပ်နေသည်။ထို့အပြင် ပြည်သူ့စစ်သင်တန်းပေးရန်အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ရခိုင်ပြည်နယ်မှ မွတ်စလင်လူငယ်များ အပါအဝင် နိုင်ငံဒေသအချို့တွင် အဓမ္မလူသစ်စုဆောင်း၍ စစ်သင်တန်းပေးနေသည်။