ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဦးဌေးဆောင် သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။
ယမန်နေ့ မတ်လ ၁၁ ရက်နေ့ ည ၈ နာရီခန့်အချိန် ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဗန်းမော် မြို့ တဖက်ကမ်းရှိ ကောင့်စင့်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဦးဌေးဆောင်၏ နေအိမ် ရှေ့ ကျရောက်ပေါက်ကွဲပြီး ဦးဌေးဆောင်မှာ နေရာ၌ ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ထို့အပြင် ဦး ဌေးဆောင်၏ သမီးဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ညက ၈ နာရီလောက်မှာ စစ်တပ် ပစ်တဲ့ လက်နက်ကြီး ထိမှန်လို့ ဗန်းမော် တဖက်ကမ်း ကောင်းစင့် ကျေးရွာမှာက ဦးဌေးဆောင် နေအိမ်ရှေ့ ကျရောက်ပေါက်ကွဲခဲ့လို့ ဦးဌေးဆောင်မှာ လက်နက်ကြီး ကျည်ထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီးတော့ သမီးဖြစ်သူမှာလည်း ဒဏ်ရာရရှိသွားပါ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
လက်ရှိ ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီး တိုက်ပွဲများလည်းဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။