ရှမ်းပြည် မြောက်ပိုင်း တအာင်းဒေသ ၊ ကွတ်ခိုင်မြို့ ရပ်ကွက် ၅ တွင် PSLF/TNLA ယူနီဖောင်းနှင့် ဆင်တူသည့် ပျောက်ကြား ဘောင်းဘီ ဝတ်စုံဝတ်ကာ မူးယစ်ဆေးဝါးရောင်းချသူ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။
မတ်လ ၁၀ ရက်နေ့တွင် ကချင်လူမျိုးဖြစ်သူ မာနော် အသက် ၂၄ နှစ်သည် တအာင်းတပ်မတော် ယူနီဖောင်းနှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် ဝတ်ဆင်ကာ မူးယစ်ဆေးဝါးများ ရောင်းချနေခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်အတူ မူးယစ်ဆေးဝါးအသုံးအဆောင်ပစ္စည်းများ၊ လက်နက်ပစ္စည်းအချို့နှင့် အတူ ဖမ်းဆီးမိခြင်းဖြစ်ပြီး ၎င်းအတူ ရောင်းဝယ်သူ ၄ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖမ်းဆီးထားသူများကို PSLF/TNLA အုပ်ချုပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းထားပြီး PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်လက်ထက်တွင် ကွတ်ခိုင်မြို့အတွင်း ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးရောင်းဝယ်မှုနှင့် လောင်းကစားရုံများ ပေါများလာမှုကြောင့် ခိုးဆိုးလုယှက်မှုလည်း မကြာခဏဖြစ်ပွားခဲ့ကြောင်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည်
ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက်တွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားရုံများကို ဖမ်းဆီးအရေးယူမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။