ယင်းမာပင်မြို့နယ်အတွင်းက စည်လှောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရကာ နေအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံမှ သိရပါတယ်။
ယင်းမာပင်မြို့နယ့် ၊ ချင်းတွင်းတံတားအနီး အောင်ဇေယျမြို့သစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က မနေ့က ညနေ ၄ နာရီ၃၀ မိနစ်မှာ ၁၂၀ မမ လက်နက်ကြီးနဲ့ စည်လှောင် ကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီပစ်ခတ်မှုမှာ ၅ လုံးက ရွာထဲကို ကျရောက်ပေါက်ကွဲတာဖြစ်ပြီဂ ၃ လုံးက စည်လှောင်တောင် တဝိုက်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦး ၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၄ ဦးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို ၂၁ ဦးက ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရပါတယ်။
ဒါအပြင် နွား ၆ ကောင်သေဆုံးကာ နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါရွာမှ ပြည်သူအချို့လည်း ကြောက်လန့်ပြီး နေရပ်စွန့်ခွာထွက်ပြေးနေရ ပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ကတော့ လက်တလော သေဆုံးသူများ ၊ ထိခိုက်ဒဏ်ရာရသူ များနဲ့ နေအိမ်ပျက်စီးသူ မိသားစုတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။