ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မတ် ၇ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က မျက်မြင် ၁၉ ယောက်သေပြီး တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
အဲ့ဒီ့စခန်းကို မတ် ၇ ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုကို ထပ်မံစိစစ်နေပြီး ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ ရာနဲ့ချီတဲ့ သေနတ်တွေ၊ စိန်ပြောင်းတွေ၊ စက်သေနတ်တွေနဲ့ ခဲယမ်းအမြောက်အများကို သိမ်းမိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်မှ လေယာဥ် ပစ်ကူ၊ လက်နက်ကြီး ပစ်ကူနဲ့ပစ်လို့ အပြစ်မဲ့ ပြည်သူပေါင်း ၁၀ ဦး ဝန်းကျင် သေဆုံးခဲ့ရပြီး မြောက်များစွာ ဒဏ်ရာရခဲ့ပါတယ်။
လေယာဥ်နဲ့ အလွန်အကျွံ လိုက်လံဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အိမ် ၂၀ လုံး ဝန်းကျင် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။