တအာင်းပြည်နယ်အတွင်းမှာပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်တပ််ရဲ့ မြေမြှုပ်မိုင်းနင်း မိလို့ ပြည်သူ ၁ ဦးသေဆုံးခဲ့ရပြီး ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့မှာ သတင်းထုတ် ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဇန်နဝါရီလအတွင်း သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ်များမှာ အကြမ်းဖက်စစ်တပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး (၁) ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် မတ်လအတွင်းမှာလည်း အကြမ်းဖက်စစ်တပ်က ထောင်ထားတဲ့ မိုင်းနင်းမိလို့ ခြေထောက် ပြတ်သွားသူ နှစ်ဦးရှိတယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။
တအာင်းပြည်နယ်၊ တပ်မဟာ (၅) စစ်ဒေသ ကွတ်ခိုင်မြို့နယ်မှာ ဟိုကျန့်ကျေးရွာမှာ နေထိုင်တဲ့ ဦးအိုက်ညို့ (အသက် ၄၂) နှစ်က ရပ်ကွက် (၅) မှာရှိတဲ့ တော်ပေါ် ကျောင်းဘုရားနားမှာ ဖြစ်စဉ်မှာ မတ် ၁၂ ရက် ညနေ ၃ နာရီက ထင်းခွေသွားရာက အကြမ်းဖက်စစ်တပ်က ထောင်ထားတဲ့ မိုင်းကို နင်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။
မိုင်းနင်းမိတာကြောင့် ညာဘက်ခြေထောက် ပြတ်သွားပြီး ဘယ်ဘက်ခြေထောက်လည်း ဒဏ်ရာ ရခဲ့ရာ တအာင်းတပ်မတော် ရဲဘော်တွေက ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းစေတီပေါ်မှာ အကြမ်းဖက်စစ်တပ်က ထောင်ထားတဲ့ မိုင်းတစ်လုံးကို အမျိုးသားတစ်ဦး နင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။