တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့၊ပြည်သူ့ဆေးရုံကြီးမှာ CDM ဆရာဝန်ကြီး အပါအဝင် ကျန်းမာရေးဝန်ထမ်းများနဲ့ စတင်လည်ပတ်နေပြီလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။
အောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားတဲ့ ကျွမ်းကျင် CDM ဆရာဝန် ကြီးတချို့ နဲ့ ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများ၊ CHBT ဆရာ/ဆရာမ ၁၈ ဦးတို့ဖြင့် စတင်ကုသမှု ပေးနေပြီလို့ ဓာတ်ပုံ တွေနဲ့ အသိပေးထုတ်ပြန်ခဲ့တာပါ။
PSLF/TNLA တအာင်းထိန်းချုပ်တဲ့ နမ္မူတူမြို့ကို လက်ရှိ အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်နေပြီး၊ ဒေသခံပြည်သူများကို ကျန်းမာရေး ဝန်ဆောင်မှု ပြည့်ဝစွာပေးသွားမယ်လို့ ဆိုပါတယ်။
အဆိုပါ ပြည်သူ့ဆေးရုံမှာ လိုအပ်ချက် တချိုနဲ့ ဝန်ထမ်းအင်အား မလုံလောက်သေးသော်လည်း ကျန်းမာရေးလိုအပ်ချက်အတွက် ၂၄ နာရီ ဝန်ဆောင်မှုပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
နမ္မတူမြို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများ ဆက်လက်ခန့်အပ်ရန်အတွက် ဒေသခံ CDM ဝန်ထမ်းများအပြင်၊ အနယ်နယ်အရပ်ရပ်က CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတိုင်းကို ဖိတ်ခေါ်သွားမယ်လို့ PSLF/TNLA ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
နမ္မတူမြို့အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တအာင်း တပ်မတော်မှ အကြမ်းဖက်စစ်ကောင်စီထံမှ အပြီးသတ် ပြန်လည် သိမ်းယူနိုင်ခဲ့တဲ့ မြို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။