ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့က ရွှေဟင်္သာဘုရားမှာ ယနေ့ မတ်လ ၁၆ ရက် နေ့လည်ပိုင်းက ဒရုန်းဗုံးကျလို့ ကိုရင်တစ်ပါးနဲ့ ကပ္ပိယတစ်ဦးတို့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
ဆီဆိုင်မြို့ရဲ့ အနောက်မြောက်ဘက် ၂ ဖာလုံခန့်အကွာ မှာရှိတဲ့ ရွှေဟင်္သာဘုရားမှာ သူတို့တွေကို ယနေ့နေ့လည်ပိုင်း ၁ နာရီခန့်က စစ်ကောင်စီရဲ့ ဒရုန်းဗုံးထိမှန်ခံရတာဖြစ်ပြီး ကိုရင်က ခြေထောက်တွင်ဒဏ်ရာရတာ မစိုးရိမ်ရပေမယ့် ရင်ဘတ် နောက်ကျောနဲ့ နေရာအနှံ့ဒဏ်ရာရတဲ့ အသက်၆၀အရွယ် ကပ္ပိယဦးနိုင်ကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။
`သူတို့တွေ အဲမှာနေကြတာလို့တော့သိရတယ်၊ ဘာလုပ်နေကြလို့ မှန်တာလဲတော့ မသိရဘူးခုတော့ ဆိုက်ခေါင်ကို ထော်လာဂျီနဲ့ သယ်လာပြီ`လို့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒီနေ့ မတ်လ ၁၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ၊ အပေါင်းပါတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့သိရပါတယ်။
စစ်ကောင်စီဟာ ဆီဆိုင်မြို့ရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ ကောင်းမှုမွေတော်ဘုရားကုန်းမှာ လက်နက်ကြီးထိုင်ပြီး ဆီဆိုင်မြို့ထဲကိုပစ်ခတ်နေသလို ဒရုန်းတွေနဲ့လဲ ဗုံးတွေကြဲချနေတာမှာ မွေတော်ဘုရားအနီးတဝိုက်နဲ့ နမ်းတောင်းရွာ၊ ဟိုခဲရပ်ကွက် တွေမှာ လက်နက်ကြီးကျည်ကျရောက်
ပေါက်ကွဲမှုတွေ ရှိနေပေမယ့် မီးလောင်ကျွမ်းမှုတော့ မရှိဘူးလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။