ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ဘွမ်ရယ်ဘွမ်တပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဘွမ်ရယ်တောင်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ကို လိုင်ဇာဒေသ မိုးလဲချောင်းရိုး တွင် ယနေ့(မတ်လ ၁၆ရက်) KIAက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြီး အရှင်ဖမ်းမိသူများလည်းရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။
ထို့ပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ရရှိခဲ့သည်ဟုလည်း စစ်ရေးသတင်းရင်မြစ်က အတည်ပြုပြီး အသေးစိတ် အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လိုင်ဇာအနီးကျန်နေသည့် ဘွမ်ရယ်ဘွမ်တောင်ကြောမှ စစ်ကောင်စီတပ်စခန်းများကို KIA က မတ်လ ၁၅ရက် နေ့လယ်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သာများထွက်ပြေးသွားခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဘွမ်ရယ်တောင် စခန်းကို မတ်လ ၁၅ရက် နေ့လယ် ၁နာရီခွဲခန့်တွင် ဝင်ရောက်ရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
” အခုလည်း နယ်မြေရှင်းလင်းရေးပဲ လုပ်နေပါတယ်။ စကစဘက်ကလည်း လေကြောင်း နဲ့ ဆက်တိုက် အခုလည်း ပစ်နေပါတယ် ။ ဗုံးကြဲနေပါတယ်။ ဒါကြောင့် သတင်းစုံ ရရှိဖို့ကတော့ နည်းနည်း အချိန်ယူရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့၍လိုင်ဇာအနီး စစ်ကောင်စီတပ်စခန်းများ ကင်စင်သွားပြီဖြစ်သည်ဟု ဆိုသည်။
KIAသည် လိုင်ဇာအနီး တောင်ကုန်းများ၌ နေရာယူထားသည့် စစ်ကောင်စီတပ်စခန်းများကို မတ်လ ၇ရက်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၀ရက်ခန့်အကြာတွင် ယင်းဒေသရှိစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။