မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုး သတ်ဖြတ်နေသော စစ်ကောင်စီတပ်နှင့် ၁နာရီခွဲခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
မတ်လ ၁၄ရက် နံနက် ၇နာရီခန့်က မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်နေသည့် အင်အား(၆၀)ကျော်ပါ စစ်ကြောင်းနှင့် တိုက်ပွဲ ၁နာရီခွဲခန့်ဖြစ်ပွားခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ဝဦးထက်မနည်း သေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ၎င်းက ဆိုသည်။
“စခတွေ ကျတာက မျက်မြင်ပါ။ ဒီကောင်တွေဘက်က စစ်ကူကားလာပြီဆိုလို့ ကျွန်တော်တို့ဘက်က ပြန်ဆုတ်လိုက်တာ။ လက်နက်တွေတော့ မရခဲ့ဘူး။ ရွာထဲကခိုးထားတဲ့ ပစ္စည်းတွေ အဲဒါတွေပဲရခဲ့တယ်။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။
အဆိုပါစစ်ဆင်ရေးတွင် Myingyan Black Tiger (MBT) နှင့် မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင်( ပကဖ)၊ နွားထိုးကြီးမြို့နယ် (ပကဖ)၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အဲဒီစစ်ကြောင်းက ၁၄ရက်နေ့နေ့လယ်ပိုင်းမှာ မြင်းခြံမြို့ပေါ် ပြန်ဝင်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် မတ်လ ၁၁ရက် ညပိုင်းမှ ၁၄ရက်အထိ မြင်းခြံနယ်အတွင်းရှိ မန်ကျည်းစုရွာ၊ သင်ပြွန်းရွာ၊ ဆိတ်ကုန်းရွာ၊ ပျိုးကန်ရွာနှင့် ကန်စွယ်ကျေးရွာတို့ရှိ နေအိမ် ရာနှင့်ချီမီးရှို့ဖျက်ဆီးခဲ့သည်။
ထို့အပြင် ကျေးရွာများရှိ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများအပါအဝင် ဒေသခံပြည်သူ(၉)ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားသည်။
မတ်လ ၁၁ရက် နံနက်ပိုင်းက မြင်းခြံမြို့အထွက်၌ စစ်ကောင်စီ၏ အိမ်စီးကားတစ်စီးအား ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ယာဉ်ပေါ်ပါ စစ်သားခြောက်ဦးလုံးသေဆုံးပြီး သေနတ် (၆)လက်နှင့် ခဲယမ်းများသိမ်းဆည်းခံရပြီးနောက် စစ်ကောင်စီတပ်က ရွာစဥ်တလျှောက် စစ်ကြောင်းထိုး မီးရှို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။