ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ(၆) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံအလက် ၉၀ ကျော် ရရှိခဲ့ပြီး ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့ဟု KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။
ကျိုက်ဒုံမြို့တွင်လာရောက်အခြေပြုလျှက်ရှိသော စစ်ကောင်စီတပ် စကခ(၁၃) လက်အောက်ခံ ကျိုက်ဒုံဗျူဟာအား ဇန်နဝါရီ၂၇ ရက်မှစ၍ ဝိုင်းပတ်တိုက်ခိုက်ပိတ်ဆို့ကာ မတ်လ ၁၃ရက်တွင် ချေမှုန်းတိုက်ခိုက်ခဲ့ရာ နောက်နေ့ မတ်လ ၁၄ရက်တွင် စခန်းအား အပြီးသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု KNLAက အသိပေးသည်။
ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ် ကောင်စီတပ်ထံမှ RPG၊ ပွိုင့်ဖိုက်၊ ငါးကြင်းမှီးစက်သေနတ်အပါအဝင် လက်နက်ငယ်ပေါင်း (၈၆)လက်ရရှိခဲ့သည်ဟု ဖော်ပြသည်။
ထို့ပြင် ၆၀မမ လေးလက် ၊ ၈၁မမ နှစ်လက် ၊ ၁၂၀မမ တစ်လက် ၊ Drone Gun နှစ်လက် ၊ ခဲယမ်းကျည်များ နှင့်စစ်အသုံးအဆောင်ပစ္စည်းမြောက်များစွာတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်၊ အရှင်ဖမ်းဆီးရရှိမှု အခြေအနေကို ဖော်ပြမထားသော်လည်း ကရင်သတင်းရင်းမြစ်အချို့၏ ပြောပြချက်အရ ကျိုက်ဒုံဗျူဟာစခန်းမှ ဗျူဟာမှူး အပါအဝင် အရာရှိစစ်သည် ၆၀ဦးကျော်ကို အရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။
KNLA ပူးပေါင်းတပ်သည် ဒူးပလာယာခရိုင် မြ၀တီအနီး သင်္ဃန်းညီနောင်မှ စစ်ကောင်စီ တပ်ရင်း ခမရ(၃၅၅)ကို သိမ်းပိုက်ထားပြီး အနီးအနားရှိ စစ်ကောင်စီတပ်ရင်းနှင့် ဗျူဟာစခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသည်။