“၁ လေးလုံး စစ်ဆင်ရေး”ဆက်စပ် တိုက်ပွဲများသည် နောင်ဝိုး၊ ဗန်းမောက်နှင့် နမ်းဖောမူ ကျေးရွာများ တလျှောက် အပြင်းအထန် ဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ နှင့် ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ထိုး စစ်ဆင်မှုများကို ခုခံတိုက်ခိုက်နေသည်ဟု အသိပေးသည်။
“အခု တိုက်ပွဲက ပင်လောင်းမြို့နယ် နဲ့ ဖယ်ခုံ မြို့နယ်ကြားလို့ ပြောလို့ရတယ်။PNO နဲ့ စကစထိုးစစ်မှာ ၂၀၀ကျော်လောက်ပါမယ်လို့ ခန့်မှန်းရတယ်”ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။
ထိုသို့တိုက်ပွဲပြင်းထန်နေသည့် အခြေအနေများကြောင့် လူထုများအနေနှင့် ကုန်းလမ်းသာမက ရေ လမ်းများအသုံးပြု၍ လမ်းခရီးသွားလာခြင်းမပြုလုပ်ပါရန်နှင့် ဘေးလွတ်ရာသို့ အမြန်ဆုံး တိမ်းရှောင်ပေးရန်လည်း KNDF က မတ် ၁၆ ရက်တွင် ထုတ်ပြန်တိုက်တွန်းသည်။
“(မတ်) ၁၀ ရက်နေ့လောက်ကတည်းက ဒေသခံတွေ နေရပ်စွန့်ခွာရတယ်။စုစုပေါင်း ကျေးရွာ လေးခုလောက်တော့ ရှိတယ်။လူဦးရေကတော့ တစ်ထောင်ကျော်တယ်”ဟု ပင်လောင်းမြို့နယ် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
KNDF နှင့် မဟာမိတ်ခုခံတော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ကရင်နီပြည်နယ်တွင်းသို့ စစ်ကြောင်းထိုးမှုများအား စဉ်ဆက်မပြတ် ခုခံတော်လှန် ၍ ကာကွယ်သွားမည်ဖြစ်ကြောင်းလည်း အသိပေးသည်။