ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် ဓမ္မဆရာဟောင်းလည်းဖြစ်၊ Pat Jasan အဖွဲ့ဝင်လည်းဖြစ်၊ ကချင်တိုင်းရင်းသားအရေးနှင့် ရပ်ရွာအရေး တက်ကြွလှုပ်ရှားသူ ဦးခွန်ဂျော်လီကို သေနတ်သမား ၃ ဦးက ပစ်ခတ် သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ တွင် ဦးခွန်ဂျော်လီက ၎င်း၏ ဆိုင်ဖြစ်သော ဂျန်ခါးကွန်ပျူတာဆိုင်တွင် ရှိနေစဉ် သေနတ်သမား ၃ ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ သေနတ်ဖြင့် ဦးခေါင်း၊ ဝမ်းဗိုက်တို့တွင် ၅ ချက် အပစ်ခတ်ခံရပြီး ဆေးရုံတင်ပို့စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။
“လူ ၃ ဦး ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားတာ။ ပစ်ခံရတဲ့အချိန်ကတည်းက ဆုံးတယ်လို့တော့ ပြောလို့ရပါတယ်။ ခေါင်းက ပွင့်ထွက်သွားတယ်။ လက်ရှိသိသလောက်ကတော့ ပစ်တဲ့သူတွေက ပျူစောထီးတွေ ဖြစ်ဖို့များတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဦးခွန်ဂျော်လီသည် ကချင်နှစ်ခြင်း ခရစ်ယန်အသင်းတော်(KBC)၏ မြို့နယ် အမှုတော်ဆောင်ဟောင်းတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။