မန္တလေးမြို့မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ မတရားထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကို အခွင့်ကောင်းယူပြီး ငွေညစ်အကြမ်းဖက်နေတဲ့ အကြမ်းဖက် စစ်တပ်လက်ပါးစေတွေကို မန္တလေးတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ တပ်ဖွဲ့ (၁၂)ဖွဲ့က ပထမဆုံးအကြိမ် သတိပေးစာထုတ်ပြန်လိုက်ပါတယ်။
စစ်မှုထမ်းဖို့အတွက် အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးတဲ့နောက် မန္တလေးမြို့ပေါ်မှာ မြို့နေပြည်သူတွေကို အခွင့်ကောင်းယူ ငွေညှစ်နေတဲ့ မြို့နယ် ( ခုနစ် ) မြို့နယ်က လဝက ၊ထွေအုပ် ၊ ရပ်ကျေး ရာအိမ်မှူး ဆယ်အိမ်မှူးတွေရဲ့ အမည်နဲ့ လိပ်စာတွေ မန္တလေးတော်လှန်ရေးအင်အားစု ၁၂ဖွဲ့ဆီကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ဆိုပါတယ်။
တိုင်းပြည်အတွက် အသက်ပေး တိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေနဲ့ ပြည်တွင်းစစ်ဘေးကြောင့် ဒုက္ခရောက်နေရသူတွေကို လျစ်လျူရှုကာ မိမိကိုယ်ကျိုးစီးပွါးကိုသာ ရှေ့တန်းတင်နေတဲ့ အဆိုပါ အကြမ်းဖက် စစ်အုပ်စုလက်ပါးစေတွေကို တော်လှန်ရေး အဖွဲ့အစည်းတွေ ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ ဖော်ပြပါတယ်။
မန္တလေးတော်လှန်ရေးအင်အားစု အဖွဲ့တွေ ဖြစ်တဲ့ အောင်စည်တော် (AST-MDY) ၊ No More Dictatorship (NMD-MDY)၊ ပုသိမ်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြစ်ငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (MN PDF)၊ Generation Z Power (GZP-MDY)၊ Special Task Force (STF-MDY)၊ Twaylikali Attacking & Production၊ Black Garuda PDF၊ ဂဠုန်ဝါ ပြောက်ကျားတပ်ဖွဲ့၊ အမရ စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ YATANABON (YDNB-MDY)နဲ့ မော်ကွန်းသစ် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ပူးတွဲ ထုတ်ပြန်လိုက်တာပါ။
” အချိန်တစ်ခုအတွင်း မိမိလုပ်ရပ်များအတွက် ပေးဆပ်ဖို့ ပြင်ဆင်ထားကြပါ။ ကျွန်ုပ်တို့ အနေဖြင့် သင်တို့အား နေရာစုံမှ မျက်ခြေမပြတ် စောင့်ကြည့်နေမည် ဖြစ်ပြီး ယခုလုပ်ရပ်များအား ပြည်သူမှ အမည်တပ်ကာထပ်မံတိုင်တန်းလာပါကအမည်ထွက်လာသူကိုယ်တိုင်သွေးကြွေးဆပ်ရမည်ဖြစ်သည်။ မတရားလာရောက်ဖမ်းဆီးလာပါက လူစာရင်းအား နာမည်နှင့်တကွ ကျွန်ုပ်တို့ထံ Media များမှတဆင့် ပေးပို့နိုင်သည်။ ယခုဖော်ပြထားသော မဟာမိတ် အဖွဲ့အစည်းများထံသို့လည်း ထိုလူများ၏ လှုပ်ရှားမှုများကို ပေးပို့နိုင်ပါသည်။” လို့ မန္တလေးတော်လှန်ရေးအင်အားစုတွေက ဖော်ပြပါတယ်။
အဆိုပါ အကြမ်းဖက် စစ်တပ်လက်ပါးစေတွေရှိနေတဲ့ နေရာတွေကို မန္တလေးတော်လှန်ရေးအင်အားစုအဖွဲ့တွေက နား၊မျက်စိတွေနဲ့ အမြဲ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။