ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထ စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ရာ၌ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)က ယနေ့ ထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် SOFတို့သည် မတ်လ ၁၉ရက်တွင် အဆိုပါ တပ်စခန်းအား သိမ်းပိုက်ခဲံခြင်းဖြစ်သည်။
တိုက်ပွဲတွင် ရန်သူသေဆုံးရုပ်အလောင်း ၅ လောင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း (၆၁) လက်၊ ခဲယမ်းများစွာသိမ်းဆည်းရမိခဲ့ဟု SOFက ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြ အသိပေးသည်။
ထို့အပြင် စစ်ကောင်စီတပ်သား ၅၀ဦးခန့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ KNLA နှင့်SOF မှရဲဘော်များ အထိအခိုက်မရှိပဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ အမှတ် (၁၉)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၁၉) လက်အောက်ခံ ခမရ ၅၅၇နှင့် ၅၅၈ တပ်သားများအထိုင်ချတပ်စွဲထားသော မဲသရောထ စခန်းကုန်းအား မတ်လ ၁၅ ရက်မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ယင်းနေ့ညတွင် တပ်ကြပ်ကြီးသက်နိုင်ဦးသည် MA4 ပူးတွဲသေနတ် တစ်လက်၊ ၄၀မမ ဗုံးသီး ၁၀လုံး၊ ကျည်များနှင့်အတူ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ မတ်လ ၁၈ရက်တွင် KNLA နှင့် SOF ချေမှုန်းရေးတပ်ဖွဲ့မှ ရန်သူ့စခန်းကုန်းအား ထိုးစစ်ဆင်၍ တက်ရောက်ရှင်းလင်းခဲ့ရာ ရန်သူစစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ဖော်ပြသည်။
စခန်းကုန်းအား မီးရှို့ရှင်းလင်းခဲ့ပြီးနောက် မတ်လ ၁၉ရက်တွင် ရန်သူများထပ်မံအချေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအားပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ချေမှုန်းခဲ့ရာ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်း၌ စခန်းကုန်းအား သိမ်းနိုင်ခဲ့ကြောင်း SOFက စခန်းသိမ်းတိုက်ပွဲအကြောင်းကို ရှင်းပြထားသည်။
“တောင်ပိုင်းမှာ အခု တိုက်ပွဲတွေစနေပြီ။ တပ်မဟာ(၇)လိုနေရာမျိုးမှာတောင် တိုက်ပွဲစဖြစ်နေပြီဆိုတော့ မှန်းကြည့်လို့ရပါတယ်”ဟု တောင်ပိုင်းတိုင်းရှိ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။