ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒါဝကျေးရွာတွင် စစ်မှုထမ်းရမည့် လူငယ်စာရင်း ကောက်ခံသူ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် လည်လှီးအသတ်ခံရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒါဝကျေးရွာမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဝင်းရွှေကို လူတချို့က ဝင်ရောက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“သံတွဲနယ်ဒါဝရွာမှာ သူ့ကိုတော့ ရွာက လူတွေက အုပ်ကြီးလို့ ခေါ်တယ်။ ရပ် ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ပါ။ တစ်နေ့က စစ်မှုထမ်းရမယ့် လူငယ်စာရင်းကောက် တာမှာ သူက ရှေ့ဆုံးကပါတယ်။ အဲဒီနေ့ပြီးတော့ သူ့ကို ဓားနဲ့ လည်ပင်းဖြတ်ပြီး သတ်သွားပါတယ်”ဟု ကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့အတူ မတ်လ ၂၀ ရက်နေ့ ညပိုင်း မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မိကျောင်းတက်ကျေးရွာတွင် ရာအိမ်မှူး သောင်းထွန်းက စစ်သားသစ် စုဆောင်းရေး စာရင်းပြုစုနေချိန် နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း မန္တလေး မြေပြင်ကင်းထောက် Mdy Revolution က သတင်းဖော်ပြခဲ့သည်။
အလားတူ မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဇီးကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး မြင့်ဆွေနှင့်ထွေ/အုပ်စာရေးကိုဖြိုးတို့သည် စစ်မှုထမ်းစာရင်း ကောက်ခံပြီး ပြန်လာစဉ် ပစ်ခတ်ခံရကြောင်း၊ အုပ်ချုပ်ရေးမှူး မြင့်ဆွေ ပွဲချင်းပြီး သေဆုံးပြီး ထွေ/အုပ်စာရေး ကိုဖြိုးမှာမူ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။
” သာပေါင်း ကျေးရွာနားမှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်းတပ်ခွဲ ၅ နဲ့ ၃၆၀၂ PDFတပ်ရင်း တပ်ခွဲ ၄ ပူးပေါင်း(နွေဦးမောင်) အဖွဲ့က ဇီးကုန်းရွာအုပ်ကြီး မြင့်ဆွေနဲ့ ထွေ/အုပ်စာရေးကို ပစ်ခတ်ရှင်းလင်းပါတယ်။ အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေက နေရာမှာတင် ပွဲချင်းပြီး သေဆုံးပါတယ်။ ထွေအုပ်စာရေးကိုဖြိုးကတော့ ဝမ်းဗိုက်ကျည်ထိမှန်ပြီးအပြင်းအထန်ဒဏ်ရာရပါတယ်” ဟု ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီထောက်တိုင်များဖြစ်ကြသောစစ်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ပျူစောထီးများ၊သတင်းပေးများ၊ စစ်မှုထမ်းရန် အတင်းအဓ္မဖိအားပေးနေသောရပ်/ကျေးအုပ်ချုပ်ရေးမှူး များကိုပြတ်ပြတ်သားသားအရေးယူဆောင်ရွက်နေပြီဖြစ်၍ ပြည်သူလူထုနှင့်အမြန်ဆုံးပူးပေါင်းကြရန် ပြည်ခရိုင် ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံကတိုက်တွန်းသည်။