ကရင်နီပြည်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်မှ လအိဆေးရုံကို စစ်ကောင်စီက ယနေ့ (မတ် ၂၂ )နံနက် ၁၀ နာရီ ကျော်တွင်တိုက်လေယာဖြင့် ဗုံး ကြဲချတိုက်ခိုက်၍ ဆေးရုံထိခိုက်ပျက်စီးမှုများကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့နှင့် စစ်ဘေးရှောင်အရေးကူညီနေသူများကပြောသည်။
“လအိဆေးရုံကို လေကြောင်းသတိပေးချက်ရှိနေလို့ လူနာတွေ မထားဘူး။ဆေးရုံစောင့် ထားတာ။ ဆေးရုံစောင့်နှစ်ဦးထိပြီး တစ်ဦးက ပြင်းထန်တယ်” ဟုစစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးကပြောသည်။
“ကြဲချတာမိနစ်ပိုင်းလေးပဲရှိသေး ၊အခုလေယာဥ်နဲ့ဗုံးကြဲ အသံကြီးကျယ်လိုက်တာ”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ဆေးရုံပျက်စီးနေသော ဓါတ်ပုံဖြင့် ဖေ့စ်ဘွခ်တွင်ရေးသားထားသည်။ ဆေးရုံမှာ ပျက်စီးမှုများသည်ကိုတွေ့ရသည်။
ထပ်မံရရှိသောသတင်းအရ စစ်ကောင်စီတပ်မှ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် တိုက်လေယာဥ်ဖြင့်၁၆ ကုတင်ဆံ့ လအိပြည်သူ့ဆေးရုံကိုတစ်ကြိမ်ဗုံးသီး ၂ လုံးဖြင့် ၄ ကြိမ်လာရောက် ကျဲချခဲ့ခြင်းဖြစ်ပြီးဆေးရုံဘေးရှိ ပြည်သူတချို့ ထိခိုက်မှုရှိပြီး၊ ဆေးရုံကား ၁ စီး၊ ဆေးရုံအဆောက်အဦးတချို့ ပျက်စီးခဲ့ကြောင်း 1007 MOBYE PDF ကသတင်းထုတ်ပြန်သည်။
ထိုဆေးရုံသည် စစ်ကောင်စီလေယာဥ်ဗုံးကြဲမည်ကို စိုးရိမ်သောကြောင့် ယခင်ကတည်းကလူနာကုသခြင်း၊ ထားရှိခြင်းမရှိဘဲ၊ ဆေးရုံပစ္စည်းအချို့ကို သိုလှောင်ထားရာ နေရာတစ်ခုဖြစ်ကြောင်း လည်း ဖော်ပြထားသည်။
ဖယ်ခုံမြို့ စစ်ရှောင်အရေး ကူညီနေသူက”ဆေးရုံဆိုပေမယ့် မိုးဗြဲ၊ဖယ်ခုံ၊ဒီးမော့ဆို၊လွိုင်ကော် ကစစ်ရှောင်တွေစစ်ဘေးရှောင်စခန်းအဖြစ်အသုံးပြုနေတာပါ။စစ်ရှောင် ပြည်သူနှစ်ဦးအသက်ဆုံးရှုံးတယ်လို့တော့ လောလောဆယ်ကြားရတယ်။အတည်ပြု မရသေးဘူး”ဟု လူထုနွေဦးသို့ပြောသည်။
လအိပြည်သူ့ဆေးရုံသည်ရွေးကောက်ခံအရပ်သား အစိုးရလက်ထက်က နိုင်ငံတော်အစီမံဖြင့်တည်ဆောက်ခဲ့သောဆေးရုံဖြစ်ကြောင်းသိရသည်။
လက်ရှိ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်၊ဖားဆောင်း တိုက်ပွဲ များ အပြင် ဖယ်ခုံ၊ပင်လောင်းမြို့ တစ်ဝိုက် တိုက်ပွဲများကြောင့် စစ်ကောင်စီ၏ လေ ကြောင်းရန်ကို အထူးသတိပြုရန်လည်း တော် လှန်ရေးအင်အားစုများက သတိပေးထားသည်။