ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ကောင်စီအရာရှိကြီးများ ဂေါက်သီးရိုက်ကစားနေသည့် နေရာသို့ တော်လှန်ရေးရဲဘော်များက အသွင်ယူပြီး မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ရာ တိုင်းစစ်ဌာနချုပ်ထဲသို့ လူနာတင်ကားများ ဝင်သွားကြောင်း ရန်ကုန်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်ကောင်စီအရာရှိကြီးများ ဂေါက်သီးရိုက်ကစားနေသည့် ဂေါက်ကွင်းနေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်ပကဖ(အထူးထောက်လှမ်းရေးအဖွဲ့) အသွင်ယူ ရဲဘော်များထံမှ တိုင်းစစ်ဌာနချုပ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာရောက်မည်ဖြစ်ကြောင်း၊ ၎င်းအပါအဝင် စစ်ကောင်စီဝန် ကြီးတချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် မြို့တော်ဝန်၊ အခြား တပ်ဘက် အရပ်ဘက်အရာရှိကြီးများ လာရောက်ရန်ရှိကြောင်း အတွင်းသတင်းအတိအကျကို ပေးပို့လာသည့်အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ရဲဘော်များက တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူ ဝင်ရောက်ပြီးအ ချိန်မီ တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊အရာခံများ ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်းသိရပြီး သေဆုံးစာရင်းကို အတိအကျမသိရသေးကြောင်း၊ စစ်မှု ထမ်း ဥပဒေကို ထုတ်ပြန်ပြီး ပြည်သူအပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး၊ နိုင့်ထက်စီးနင်းပြုမူလျက် အာဏာကို အလွဲသုံးစားလုပ် ငွေညှစ်၊ အကျပ်ကိုင်မှုများ၏ အဓိကခေါင်းကိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ရန်ကုန် တိုင်းပကဖက ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပေါက်ကွဲသံကို ဘေးပတ်ဝန်းကျင်မြို့နယ်များက ကြားရပြီး လက်ရှိ တိုင်းစစ်ဌာနချုပ်ထဲသို့ မီးသတ်ကားနှင့်လူနာတင်ကားများ ဝင်သွားကြောင်း သိရပါတယ်” ဟု ရန်ကုန်ပကဖမှ တာဝန်ရှိသူက ပြောဆိုသည်။
စစ်တပ်အလိုတော်ရိ၊ နောက်လိုက်နောက်ပါ၊ ထောက်တိုင်၊ သတင်းပေး၊ တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်နေသူများကိုလည်း ပြည်သူအပေါ်ဆက်လက်မောက်မာကျူးလွန်မှုများ ရှိနေကြောင်း တွေ့ရပါက စနစ်တကျလေ့လာပြီး အပြီးသပ်ချေမှုန်းတိုက်ခိုက်မှုများ ဆက်တိုက်ဆောက်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးအပ်သည်။