စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက် စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး နန်းနွယ်ဦး(ခ) ကျွဲမ ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ မတ်လ ၂၂ ရက် နံနက် ၁၀ နာရီကျော်ခန့်အချိန် ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာ ၅ လမ်းထိပ် ရွှေလက်ပွား လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး နန်းနွယ်ဦး(ခ)ကျွဲမကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
“သူက မဘသ ခေါင်းဆောင်ပဲ၊ လောဘီမှာ အကြီးစား၊ သူက ၄ ရပ်ကွက် အုပ်ကြီး၊ နေတာက မရိုးကုန်းထဲနေတာ၊ လက်နက်ကိုင်တော့ အစစ်မှတ်ပြီး ကျနော် တို့လည်း မကပ်ရဲဘူး၊ ကျည် တွေက တော့ အစစ်ပါတယ်၊ သူ့ဖမ်းပြီးတော့ ကျနော်တို့ သေနတ်ကျည် ကုန်သွားလို့ သူ့သေနတ်နဲ့ပစ်တော့ ဂျပ် ဂျပ်နဲ့ အဲဒီကျမှ အတုကြီးမှန်းသိတာ၊” ဟု ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
သေဆုံးသူ အုပ်ချုပ်ရေးမှူးထံမှ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ၉ လုံးကျည် ၁၀ တောင့်၊ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး တံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင်၊ အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ထားသည့် စစ်မှုထမ်းဖိတ်ခေါ်မှု လက်ကမ်းစာစောင်နှင့် ပင်စင်စားများကို ထုတ်ပေးသည့် စာရွက်စာတမ်းဖိုင် တစ်ခု၊ ဖုန်းတစ်လုံး၊ သေနတ် အတုတစ်လက်နှင့် ဓားမြှောင်တစ်ချောင်းတို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် သင်္ခအားမာန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ရှင်းလင်းခဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။