ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့က စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနဆိုင်ရာ ရုံးတွေအကုန် တောင်ကြီးမြို့ကို ဒီနေ့ မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကစပြီး ကလောနဲ့ အောင်ပန်းကို ရွှေ့ပြောင်းခဲ့တာလို့ ပင်လောင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“တနင်္လာနေ့ကရွှေ့ အင်္ဂါနေ့ အောင်ပန်း၊ ကလောကိုရောက်တယ်။ ထွေအုပ်ကအရင်စရွှေ့တာ၊ မီးသတ်၊ ဒေသန္တရဆေးရုံတွေလည်း ပါတယ်။ ကြာသပတေးနေ့မှာ ထွေအုပ်၊ လဝက၊ ကျန်းမာရေး အကုန် တောင်ကြီးပြန်ရွှေ့တယ်”လို့ သူက မဲခေါင်သတင်းကို ပြောပါတယ်။
ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNA)နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲအခြေအနေက ပင်လောင်းမြို့ပေါ်နဲ့ အရမ်းနီးကပ်လာတဲ့အတွက် စာရွက်စာတမ်းတွေ မပျက်စီးအောင် အကုန်သယ်ယူပြီး အောင်ပန်းနဲ့ကလောကို အရင်ရွှေ့ပြီး မြေပြင်အခြေအနေတည်ငြိမ်တဲ့ တောင်ကြီးမြို့က သက်ဆိုင်ရာရုံးတွေနဲ့ ပူးပေါင်းရတာလို့ ဆိုပါတယ်။
ပင်လောင်းဒေသခံ ရှမ်းတောင်ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦးက “မြို့ပေါ်မှာ စစ်သား၊ ရဲနဲ့ PNO ပဲကျန်တော့တယ် ဆိုရင်တောင် ဒီကောင်တွေလည်း အချိန်မရွေးပြေးနိုင်တယ်။ ပြီးရင် မြို့ကို ဒီတိုင်းထားခဲ့ပြီး ဆီဆိုင်ဘက်တုန်းကလို မြို့ပျက်တဲ့အထိ လေယာဥ်နဲ့ တရဆက် ဗုံးကြဲခံရတာတွေ ရှိနိုင်တယ်ဗျ။ ပင်လောင်းက ဒေသခံတွေအနေနဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားစေချင်တယ်။ အသံတွေကို နားထောင်ပါ။ ရှောင်သင့်ရင် မတွေဝေဘဲရှောင်မယ်ဆို နောင်တရားနားတင်မဟုတ်ဘဲ အောင်ပန်း၊ ကလော၊ တောင်ကြီးဘက်အထိ သွားလို့ရရင် သွားကြပါ” လို့ သတိပေးစကား ပြောကြားပါတယ်။
လက်ရှိတောင်ကြီးမြို့မှာ ဇန်နဝါရီလကတည်းက ဆီဆိုင်နဲ့ ဟိုပုံးက ရွှေ့ပြောင်းလာပြီး သက်ဆိုင်ရာ တောင်ကြီးကဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းထားရတာတွေလည်းရှိပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ တစ်ခုတည်းသာရှိတဲ့ ပင်လောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲကလည်း ဒီနေ့ မတ်လ ၂၂ ရက်နေ့မှာတောင်ကြီးဘဏ်ခွဲကို ရွှေ့ပြောင်းလာမှာဖြစ်ပါတယ်။