ရှမ်းပြည်တောင်ပိုင်းအခြေစိုက်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၁၀၀၈-SSRY တပ်ရင်း တပ်ခွဲ ၁ ဖြစ်တဲ့ Eagle Force တပ်ဖွဲ့(ရှမ်းတောင်ကိုကြုံးမယ့် ရှမ်းတောင်ဂတုံးလေးများ)က မတ်လ ၂၂ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ေရှ့တန်းမှာ တိုက်ခိုက်နေရသူတွေလည်းရှိတာကြောင့် သင်တန်းဆင်းပွဲကို အကျဥ်းချုံးပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းက မဟာမိတ်တပ်ရင်းတွေက တက်ရောက်အားပေးတာ၊ အမှာစကားပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“အခြေခံစစ်ပညာသင်တန်းက ပင်ပန်းတယ်၊ ကြမ်းတမ်းတယ်၊ အယ့်အတွက်သူတို့ကို သင်တန်းဆင်းပွဲလုပ်ပြီး ခွန်အားတခုပေးတာပေါ့၊နောင်လာမယ့် တိုက်ပွဲတွေမှာလည်း ရွပ်ရွပ်ချွံချွံ သွားနိုင်ဖို့အတွက် အားပေးစကားတွေပြောတယ်။ ရှမ်းတောင်ကို အမြန်ဆုံးစည်းစည်းလုံးလုံးနဲ့ထိုးဖောက်နိုင်ဖို့မျှော်လင့်ထားပါတယ်”လို့ သူက ပြောပါတယ်။
သင်တန်းဆင်းပွဲမှာ တပ်ဖွဲ့က တာဝန်ရှိသူတွေက အမှာစကားပြောတာ၊ အားပေးစကားပြောတာ၊ သစ္စာအဓိဌာန်ရွတ်ဆိုတာ၊နိုင်ငံတော်အလံကို အလေးပြုတာ၊ ကျဆုံးခဲ့ရတဲ့အာဇာနည်တွေကို အလေးပြုတာ၊ ဧည့်ခံကျွေးမွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ခုလက်ရှိအချိန်မှာတော့ ရှေ့တန်းက စစ်မျက်နှာပြင်တွေဖြစ်တဲ့ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေက တိုက်ခိုက်ရေးပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။