ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်မှုမထမ်းချင်တဲ့သူ နည်းလို့ ငွေပေးပြီး ငှားထည့်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောင်ပန်းမှာ ရေချို၊ ဇောတိက ရပ်ကွက်အပါ ၁၂ ရပ်ကွက် ရှိရာမှာ လူများတဲ့ ရပ်ကွက်ကြီးတွေဖြစ်တဲ့ ရပ်ကွက် ၃ ၊ ၄၊ မြို့ဟောင်း၊ လှည်ရိုး၊ ညောင်ပင်ထောင်၊ မင်္ဂလာ၊ ရွာငံစု တို့မှာ စစ်မှုထမ်းဖို့ ၂ဦးစီ ထည့်ရပြီး ရပ်ကွက် ၁၊ ၂ နဲ့ လက်မပင်၊ ရွာသစ်မှာ အိမ်ထောင်စုနည်းလို့ ၁ ဦးကျစီသာ ထည့်ရတယ်လို့ သိရပါတယ်။
စစ်မှုထမ်း တစ်ဦးကျပ် သိန်း ၄၀ ကနေ ၅၀ အထိရှိနေပြီး အိမ်ထောင်တစ်စုအတွက် ကျပ်ငွေ ၁ သောင်းကနေ ၁ သောင်းခွဲထည့်ရတယ်လို့ သိရပါတယ်။
“ရှောင်လို့လဲ မရတော့ မတတ်နိုင်ဘူး၊ ထည့်ရမှာ ၊ ခုတော့အလှည့်မကျသေးဘူး” လို့ ညောင်ပင်ထောင်ရပ်ကွက်က မိဘတစ်ဦးက ပြောပါတယ်။
မြို့ကာကွယ်ရေးအနေနဲ့ စစ်မှုထမ်းကုန်ကျစရိတ်အတွက် မြို့မိမြို့ဖနဲ့ငွေကြေးတတ်နိုင်သူအချို့ က ငွေထည့်ဝင်တာတွေလဲရှိနေသလို ရပ်ကွက်အုပ်ချုပ်ရေးကတော့ လူမပြည့်လို့ လူငှားရှာရခက်နေတယ်လို့ သူကပြောပါတယ်။
အလှည့်ကျ သွားရမှာဖြစ်လို့ လူငယ်အတော်များများက ရှောင်ပြေးကြလို့ မြို့ပေါ်မှာ လူငယ်တွေ မရှိကြတော့ဘူးလို့ သိရပါတယ်။